ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက် ပြတ်တောက်နေတာ နှစ်ပတ်ကျော်ပြီ

221

 

ဩဂုတ်၊၆

ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်ပတ်ကျော်လာပြီဖြစ်ပြီး မြစ်ကြီးနားမြို့ရဲ့ တချို့နေရာတွေမှာတော့ MPT ဖုန်းလိုင်း အနည်းငယ် အသုံးပြုလို့ရနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က MPT တာဝါတိုင်၊ MPT ရုံးနဲ့ မြို့တော်ခန်းမလိုမျိုး နေရာတွေမှာ MPT ဖုန်းလိုင်းဆက်သွယ်လို့ရပေမဲ့ လိုင်းမကောင်းဘူးလို့သိရပြီး ကျန်တဲ့ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းတွေတော့ မရသေးပါဘူး။

လိုင်းမိတဲ့နေရာမှ ဆက်လို့ရတာ။ တစ်ခါတစ်လေတော့ အိမ်နဲ့အဆက်အသွယ်ရတယ်။ လိုင်းကတော့ မကောင်းပါဘူး။ မရတာက ပိုများပါတယ်။လို့ ရန်ကုန်မြို့ရောက် မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။

မြစ်ကြီနားသတင်းဂျာနယ်အနေနဲ့လည်း ကချင်ပြည်နယ်အတွင်းက မြို့နယ်တော်တော်များများကို ဆက်သွယ်နေပေမဲ့ အဆက်အသွယ်ခက်ခဲနေဆဲ အခြေအနေဖြစ်ပါတယ်။

ဗန်းမော်မြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဖုန်းလိုင်းတွေ မရတဲ့အတွက် ဗန်းမော်မှာရှိတဲ့ မိခင်ကို စိတ်ပူနေရတယ်လို့ ပြည်ပမှာရောက်နေတဲ့ ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဗန်းမော်နဲ့ အနီးဆုံး မိုးမောက်မှာလည်း တိုက်ပွဲက အရမ်းဖြစ်နေတာဆိုတော့လေ။ တိုက်ပွဲတွေကြားထဲမှာ ဖုန်းလိုင်းလည်း မရတော့ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး။ အရမ်းစိုးရိမ်တယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘူးပေါ့နော်။”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာလည်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ နှစ်ပတ်ကျော်လာပြီဖြစ်ပြီး IP star နဲ့ Star link တွေ တပ်ဆင်ထားတဲ့ နေရာတွေနဲ့ ဆိုင်တွေဆီ သွားရောက် အသုံးပြုနေကြရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆိုင်အချို့မှာ Star link တွေနဲ့ wifi သွားသုံးကြတယ်တဲ့။ ကျွန်မကတော့ မတတ်နိုင်လို့ Star link ချိတ်ထားတဲ့ ဆွေမျိုးအိမ်မှာ သွားပြီးသုံးတယ်။ တစ်ခါတစ်ခါသွားဖို့လည်း မလွယ်ဘူး။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဖားကန့်မြို့က IpStar နဲ့ Star link တပ်ဆင်ထားတဲ့ ဆိုင်မှာ အင်တာနက်လိုင်းအသုံးပြုဖို့ တန်းစီစောင့်နေရတဲ့အပြင် တစ်နာရီ ကျပ်သုံးသောင်းလောက်ပေးပြီး အသုံးပြုနေရတယ်လို့ သွားရောက်အသုံးပြုခဲ့သူတွေဆီက သိရပါတယ်။

လုံးခင်းဒေသခံ အမျိုးသားတစ်ဦးရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ ရေးသားထားချက်အရ အခုလိုအင်တာနက်နဲ့ဖုန်းလိုင်းတွေ ပြတ်တောက်နေပေမဲ့ စစ်ရေးအခြေအနေကတော့ ဖားကန့်ဒေသအတွင်း ငြိမ်သက်နေပြီး အခြားကုန်ဈေးနှုန်းဒဏ်တွေကို ခံစားနေရတယ်လို့လည်း သိရပါတယ်။

ဆိုင်ကြီးများ ရေနစ်မြုပ်၍ ပျက်စီးဆုံးရူံးခြင်းများစွာရှိခဲ့ပြီး ပျက်စီးသွားသည့် ကုန်ပစ္စည်းများအတွက် ပြန်လည်ဖြည့်တင်းကြရမည့်ကာလမှာ ဖုန်းလိုင်းအင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ခြင်းမို့ ကုန်စည်လည်ပတ်စီးဆင်းမှု အရင်ကလိုအဆင်ပြေမှု မရှိကြတော့သည့်အတွက် အခက်ဖြစ်နေကြရတယ်လို့ ကုန်သည်များထံမှ သိရပြန်ပါတယ်။ကုန်သည်များလည်ပတ်မှု မရှိနိုင်ခြင်းမို့ ဆိုင်ခွဲငယ်လေးများလည်း အဆင်မပြေဖြစ်ပြီးတော့ စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတော့တယ်။လို့ အထက်ပါအမျိုးသားက ရေးသားထားတာပါ။

အခုလို ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ငွေလွှဲငွေထုတ်တဲ့ နေရာတွေမှာလည်း အခက်အခဲတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး ကချင်ပြည်နယ်က မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here