လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ရရှိဖို့ ခက်ခဲနေ

160

 

ဩဂုတ်၊၁၃

ကုန်ကားဝင်ရောက်မှုမရှိတဲ့ ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းတွေဟာ တစ်နေ့တစ်ခြား ပိုပိုမြင့်တက် လာနေပြီး စက်သုံးဆီနဲ့ အခြားကုန်ပစ္စည်းတွေ ရရှိဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား – ပူတာအိုကားလမ်း ပျက်တဲ့နောက်ပိုင်း ကုန်ကားတွေအဝင်မရှိတာ အချိန်ကြန့်ကြာ လာတဲ့အတွက် လက်ရှိ ပူတာအိုမြို့မှာ ကုန်ပစ္စည်းတွေ ပိုပြီးပြတ်လပ်လာနေသလို ဈေးနှုန်းတွေလည်း နဂိုကထက် ကြီးမြင့်လာနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုထိကားက မဝင်နိုင်သေးဘူး။ ကုန်ဈေးနှုန်းကတော့ တစ်နေ့တစ်ခြားဆိုးနေပြီ။ အဓိက ပြတ်တာကျတော့ အခြေခံစားသောက်ကုန်ပြတ်တယ်။ ဓာတ်ဆီလောင်စာဆီ ပြတ်တယ်။ နောက်ပြီးဆေးဝါးပေါ့နော်။” လို့ဆိုပါတယ်။

လတ်တလော ပူတာအိုမြို့မှာ ဆန်တစ်အိတ်ကို ကျပ်သုံးသိန်းဝန်းကျင်ဈေးပြန်ရှိနေပြီး ဓာတ်ဆီ တစ်လီတာလည်း ကျပ်သုံးသောင်းလောက် ဈေးရှိနေသလို ပြင်ပဆိုင်သေးတွေမှာပဲ ရရှိတယ်လို့ သိရပါတယ်။

စက်သုံးဆီကားတွေလည်း အဝင်မရှိတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်တွေလည်း ပိတ်ထားကြသလို ပြင်ပဈေးကွက်မှာ တစ်ပေပါကို ကျပ်သိန်းခြောက်ဆယ်ဝန်းကျင်ရှိနေတာလို့ ဆိုပါတယ်။

ဆေးဝါးနဲ့ပတ်သက်ပြီးလည်း ပူတာအိုမှာ ရရှိဖို့ခက်ခဲနေပြီးတော့ ဝယ်ယူရတဲ့ဈေးလည်း ကြီးမြင့် နေတယ်လို့ ဒေသခံက ဆေးဝါးရရှိမှုအခြေအနေကို အခုလို ပြောပြပါတယ်။

ဆေးဝါးကျတော့ တော်တော်လေး ရှားပါးတဲ့ အခြေအနေမှာရောက်နေပြီ။ကလေးတွေနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလည်း ဆိုင်မှာပြတ်သလောက်ရှိနေပြီ။ ရှိတဲ့ဆေးဝါးတွေတောင်မှ ဈေးကြီးကြီးပေးဝယ်ရတာ။လို့ ဆိုပါတယ်။

ဆေးဝါးနဲ့ ကုန်ပစ္စည်းတချို့ကို ရောင်းဝယ်သူတွေက လေယာဉ်နဲ့သယ်ယူကြတာရှိပေမဲ့ လေယာဉ်တင်စရိတ် ကြီးမြင့်တဲ့အတွက် နှုန်းထားတွေ ကျဆင်းသွားတာ မရှိဘူးလို့ သိရပါတယ်။

ဇွန်လကုန်ပိုင်းက မိုးကြီးရေလျှံလို့ မြစ်ကြီးနား-ပူတာအိုကားလမ်းက နေရာတချို့မှာ ပြိုကျပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ဆွမ်ပရာဘွမ်ကြားက ပျက်နေတဲ့ လမ်းပိုင်းနေရာ ပြင်ဆင်မှုမရှိသေးတာကြောင့် ကားတွေမလာနိုင်သေးတာလို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုဒေသမှာ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ ဈေးနှုန်းမြင့်တက်တာတွေဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ် တိုက်ပွဲကြောင့် လမ်းပိတ်သွားကတည်းကနေ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေတာဖြစ်ပြီး ခဏတာ လမ်းဖွင့်ချိန် ကုန်ကားတွေ အကန့်အသတ်နဲ့ ဝင်လာပေမဲ့ သဘာဝဘေးဒဏ်ကြောင့် လမ်းပိုင်းပျက်စီးပြီးနောက်ကနေ ကုန်စည်အဝင်မရှိတော့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here