ဩဂုတ်၊၁၅
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၂၀၀ ကျော် သိမ်းပိုက်ထားနိုင်ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO/KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီ အထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို မတ်လ ၇ ရက်နေ့ကနေ KIA က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုးစစ်ဆင်တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဒီကနေ့အထိ အချိန် ၅ လကျော်အတွင်း မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်အပြင် တစ်ခြား တပ်မဟာ ၁ နဲ့ တပ်မဟာ ၉ အစရှိတဲ့ နေရာဒေသဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကောင်စီတပ်စခန်းကြီး/ငယ် အားလုံးပေါင်း ၂၀၀ ကျော်လောက်ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အကုန်ပေါင်းရင် ၂၁၀ ကျော်ဝန်းကျင်လောက် ရှိမယ်။ စာရင်းတော့ အတိအကျ မရသေးဘူး“လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားပါတယ်။
လက်ရှိအချိန်မှာတော့ ဖားကန့်ဒေသ KIA တပ်မဟာ၉၊ တပ်ရင်း ၆ နယ်မြေဘက် တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ တပ်စခန်းရှိတဲ့ဘက် နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေဆဲ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ ဩဂုတ်လ ၁၄ ရက်နေ့ကနေစပြီး စတင်တိုက်ခိုက်ခဲ့တဲ့ ဖားကန့်မြို့၊ လမောင်စစ်ကောင်စီတပ်စခန်းကို ဒီကနေ့မနက်မှာ KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တောမှော်ဘက်တော့ လက်ရှိအချိန်အထိ စခန်းသိမ်းနိုင်တာ မရှိသေးဘဲ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ အခြေအနေ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။
ထိုးစစ်နှစ်လအတွင်းမှာ KIO/KIA ဌာနချုပ်လိုင်ဇာ အနီးအနားက စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ခယာဘွမ်၊ ဖွမ်းပျန်ဘွမ်၊ အင်တက်ဘွမ်၊ မလိ အစရှိတဲ့ တပ်စခန်းကြီး အားလုံးကိုလည်း KIAကနေ သိမ်းပိုက်ရရှိခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ကနေစပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ခုဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
ဂိဒေါန်တပ်စခန်းကြီး အနီးအနားက တပ်စခန်းတွေဖြစ်တဲ့ ဆမားကုန်း၊ ပုန်းလိမ်၊ ကဂမ် အင်ခရမ်တို့ကိုပါ သိမ်းပိုက်နိုင်တာလို့ သိရပါတယ်။
မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီး တံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား(စင်းခန်း)စောင့် စခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီတပ်စခန်းတွေကိုတော့ မေလ ၁၈ ရက်နေ့က KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်မှု ပြန်လည်စတင်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းကြီး နှစ်ခုဖြစ်တဲ့ လုံဇက်ကောင်နဲ့ ကဇူးတပ်စခန်းကြီးတို့ကို တိုက်ပွဲနှစ်ရက်အတွင်း အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့အနီးက အူထောင်ဘွမ်တပ်စခန်းနဲ့ ခါးရှီ၊ အောင်မြေ၁၊ အောင်မြေ ၂ ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အပြီးရှင်းထုတ်နိုင်ခဲ့ပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားထားချက်အရ သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းမတစ်လျှောက်မှာ ဝိုင်းမော်-ခါးရှီ-အင်လေး-နောင်စီပေါ-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာပါ။
လက်ရှိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA က သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ချီဖွေ လမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလို တပ်စခန်းအပြင် အဲဒီတပ်စခန်းကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်းတို့ကို KIAကနေ ထပ်မံ သိမ်းနိုင်ခဲ့ပါတယ်။
အဲဒီလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင်လိုက်တဲ့ ထိုးစစ်ဆင်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကြီး/ငယ်ပေါင်း အများအပြား ရှိနေပြီဖြစ်တဲ့အပြင် ကချင်ပြည်နယ်ထဲက မြို့လေးမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်းက မဘိမ်းမြို့တို့ကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။
KIA ကနေ သိမ်းယူနိုင်ခဲ့တဲ့ မြို့တွေကတော့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကိုတော့ ဇန်နဝါရီလအတွင်းက သိမ်းယူနိုင်ခဲ့တာပါ။
လက်ရှိ သိမ်းယူရရှိထားတဲ့ အထက်ပါ မြို့အချို့မှာ အုပ်ချုပ်ရေးယန္တရားဆိုင်ရာတွေကို ချမှတ်ထားနိုင်ပြီလို့လည်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
KIA ဘက်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေဟာ လက်ရှိအချိန်အထိလည်း အရှိန်လျော့သွားတာမျိုးမရှိသေးဘဲ တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာကို တွေ့ရှိရပါတယ်။






