ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကို စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

297

 

ဩဂုတ်၊၂၀

ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party (KSPP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ ဒီကနေ့(ဩဂုတ်လ ၂၀ ရက်နေ့)ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် မတ်လအတွင်းက ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)အနေနဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ လာရောက်လျှောက်ထားတယ်လို့ မတ်လ ၇ ရက်နေ့ ရက်စွဲနဲ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။

ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားချက်အရ ပြည်ထောင်စု ရွေကောက်ပွဲကော်မရှင်ကနေ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကို ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်တာပါ။

ရွေးကောက်ပွဲ ပြန်ဝင်နိုင်ဖို့အတွက် ပါတီအသီးသီးက စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့အချိန် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ(၄)ခုဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့ဖြစ်ပြီး အဲဒီပါတီတွေဟာ ၂၀၂၃ခုနှစ် မတ်လအတွင်းက နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားကြတာ ဖြစ်ပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin Natonal Congress(KNC)ရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ် ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်တယ်လို့ ဇူလိုင်လ၉ ရက်နေ့ထုတ် စစ်ကောင်ပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)ဟာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၈ မြို့နယ်က ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အပါအဝင် စုစုပေါင်း ၆၇ နေရာမှာ ဝင်ရောင်ယှဉ်ပြိုင်ခဲ့ပြီးတော့ မဲဆန္ဒနယ် သုံးခုမှာ ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here