စက်တင်ဘာ၊၁၉
ကချင်အထူးဒေသ(၁)ဘက်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေကျူးကျော် တိုက်ခိုက်နေတဲ့အတွက် ဒေသခံမျိုးနွယ်စုတွေက မလိုလားကြောင်း စာထုတ်ပြန်ထားတဲ့အပေါ် စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေးအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အပြည့်အဝပေးနိုင်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ဘူးလို့ KIO ဘက်က ပြောကြားပါတယ်။
ငေါ့ချန်းမျိုးနွယ်စုတွေ ကိုယ်စားပြုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့စာထဲမှာ ကချင်မျိုးနွယ်စုဝင်တွေသာ နေထိုင်တဲ့ ဖီမော်၊ ဂေါ့လန်၊ ထန်းဒုံ၊ ကန်းဖန့်၊ လိုင်ဂမ်၊ လုတ်နော်ဂျန် စတဲ့နယ်မြေဒေသတွေမှာ KIA အဖွဲ့ကနေ နယ်မြေကျူးကျော်တိုက်ခိုက်လာပြီး တိုင်းရင်းသားအချင်းချင်း သွေးထွက်သံယို တိုက်ခိုက်ကျူးကျော်မှုကို မိမိတို့မျိုးနွယ်စုကနေ လုံးဝမလိုလားဘူးလို့ ဖော်ပြထားတာပါ။
KIA ကို ဒီလိုစာထုတ်ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းတဲ့အချိန်
အခုလိုဖြေကြားပါတယ်။
“ပန်ဝါဒေသဘက်၊ ချီဖွေဒေသဘက်မှာ ထာဝရငြိမ်းချမ်းရေးလို့ ပြောပေမဲ့ တကယ်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်တာကို သတိပြုရမယ်လို့ ပြောချင်တယ်။ ပိုပြီးတော့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကိုပဲ တည်ဆောက်ဖို့ကို ကြိုးစားရမယ်လို့ ပြောချင်ပါတယ်။“ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ဟာ ငြိမ်းချမ်းရေးကိုလားတဲ့ အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီနဲ့ပေါင်းတာဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မျှော်လင့်လို့ ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
“ငြိမ်းချမ်းရေးကိုတော့ KIO လည်း လိုလားပါတယ်။ KIO လည်း ငြိမ်းချမ်းရေးကို ရှာဖွေနေတာပါ။ ဒါပေမဲ့ သူတို့လုပ်တဲ့ ငြိမ်းချမ်းရေးက စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်တဲ့ ငြိမ်းချမ်းရေးပေါ့။ စစ်ကောင်စီတပ်ရဲ့ လက်အောက်မှာပဲနေပြီး လုပ်တဲ့ငြိမ်းချမ်းရေးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ လူမျိုးတွေ ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အပြည့်အဝ ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူး။ အဲဒါကြောင့် အဲဒီငြိမ်းချမ်းရေးကို မျှော်လင့်လို့ မရဘူး။“ လို့ ဗိုလ်မှူးကြီးနော်ဘူက ထောက်ပြပြောဆိုပါတယ်။
ငေါ့ချန်းမျိုးနွယ်စုတွေ ထုတ်ပြန်ထားတဲ့ စာမှာတော့ ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသားတွေဟာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရား၊ အယူဝါဒ အတူတူဖြစ်ပြီး အခုလို ထာဝရငြိမ်းချမ်းစွာနေထိုင်နေတဲ့ ဒေသကို တိုင်းတစ်ပါးရန် တိုက်ခိုက်သလို တိုက်ခိုက်လာတာကို မလိုလားကြောင်းလည်း ဖော်ပြပါရှိပါတယ်။
NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ချီဖွေမြို့နယ် ကန်ပိုင်တီမြို့အနီးဂမ်ခွန်းကျေးရွာအနီးမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
ဒေသခံပြည်သူ့စစ်တွေ အုပ်ချုပ်နေတဲ့နေရာကို စက်တင်ဘာလ ၅ ရက်နေ့ကစပြီး KIA ကနေ ဒရုန်းတွေ၊ လက်နက်တွေနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်နေတာကြောင့် နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“KIA က တခြားသူတွေကိုခေါပြီး ဒီဒေသကို လာသိမ်းနေတယ်။ မလုပ်သင့်တဲ့လုပ်ရပ်တွေ ဖြစ်တယ်။ ဒီမှာကစစ်တပ်(စစ်ကောင်စီ)မရှိဘူး။“လို့ အထက်ပါဒေသခံက ဆိုပါတယ်။
အဲဒီဒေသဟာ ကချင်မျိုးနွယ်စုတွေထဲက လချိဒ်၊ လော်ဝေါ်၊ ငေါ့ချန်းနဲ့ လီဆူ လူမျိုးတွေသာ နေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီတပ်စခန်း မရှိတဲ့အတွက် မတိုက်ခိုက်သင့်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဒေသနေပြည်သူတစ်ဦးက စာထုတ်ပြန်ပြောဆိုထားတာကိုလည်း လူမှုကွန်ရက်စာမျက်မှာ တွေ့ရပါတယ်။
ပန်ဝါဒေသကို ထာဝရငြိမ်းချမ်းရေးမျှော်မှန်းပြီး လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်မှာ အစိုးရနဲ့ နိုင်ငံတော်အဆင့် တရားဝင်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီးတော့ ကချင်ပြည်နယ်၊ အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေး ယူထားတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း KIA တပ်ဖွဲ့အနေနဲ့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အခုလည်းပြန်လည်တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ အထက်ပါပြည်သူတစ်ဦးရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးတွေအနေနဲ့ ဒေသလက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်တွေကို မိမိဒေသကို တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးဖို့ ကျူးကျော်လာတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို ယတိပြတ်ခုခံချေမှုန်းဖို့ စစ်မိန့်ပေးလိုက်တယ်ဆိုပြီး ဦးဇခုန်တိန့်ယိန်းရဲ့ လက်မှတ်နဲ့ ပန်ဝါဗဟိုဌာနချုပ်ကနေ စာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်စာကို “မထုတ်ပြန်သင့်သော စစ်မိန့်“ ဆိုပြီး KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်ကလည်း စက်တင်ဘာလ ၁၀ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။
ချီဖွေပန်ဝါဒေသဟာ မြေရှားသတ္တုအများဆုံး ထွက်ရှိတဲ့ဒေသဖြစ်ပြီး အဲဒီဒေသဘက်မှာရှိတဲ့ လက်နက်ကိုင်တွေနဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်ကတည်းကနေ ဒီကနေ့အထိ တူးဖော်နေကြတာလည်း ဖြစ်ပါတယ်။







