မြစ်ကြီးနားဆေးရုံကြီးတွင် ခြေတုနှင့်လက်တုများ လာရောက်တပ်ဆင်ကြရန် ပြည်နယ်မသန်စွမ်းအသင်း ဖိတ်ခေါ်

1761
ကချင်ပြည်နယ် မသန်စွမ်း

မြစ်ကြီးနား၊ မေ ၂၂

အကြောင်းအမျိုးမျိုးကြောင့် ခြေလက်ပြတ်တောက်နေသည့် မသန်စွမ်းပြည်သူများကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုတပ်ဆင်ပေးနေသည့်အတွက် တပ်ဆင်လိုသည့် မသန်စွမ်းများအနေဖြင့် အမြန်ဆက်သွယ်ကြရန် ကချင်ပြည်နယ်ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌဦးဂျီဇုန်းဆောင်က ပြောသည်။

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) တို့၏ အစီအစဉ်ဖြင့် တပ်ဆင်ပေးနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း လာရောက်တပ်ဆင်သူ နည်းပါးနေသေးသဖြင့် ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု ဦးဇုန်းဆောင်ကပြောသည်။

“ဘာကြောင့်ခေါ်နေရလဲဆိုရင် ဒီကုသပေးခြင်းကိုသိတဲ့သူ နည်းသေးတဲ့အတွက်ကြောင့်ပါ။ မသန်စွမ်းတွေရဲ့တစ်နေ့တာ ဖြတ်သန်းမှုဟာ အင်မတန်မှခက်ခဲလှပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဝန်ဆောင်မှုပေးနေတဲ့အတွက် အမြန်ဆုံးဆက်သွယ် လာကြပါလို့ ပြောချင်ပါတယ်”ဟု ဦးဂျီဇုန်းဆောင်က ပြောသည်။

ယခင်က ခြေတု၊ လက်တုဆေးရုံအနေဖြင့် လက်ပြတ်သူများကို လက်တုတပ်ဆင်ပေးရန် နည်းပညာရှင်များနှင့် ဝန်ထမ်းအင်အားမရှိသည့်အတွက် ခြေတုကိုသာ တပ်ဆင်ပေးခဲ့သော်လည်း မေလ ၁၇ ရက်ကစပြီး လက်ပြတ်သူများကိုလည်း တပ်ဆင်ပေးနေပြီဖြစ်သည့်အတွက် လာရောက် ဆက်သွယ်ကြရန် ဖိတ်ခေါ်ခြင်းလည်းဖြစ်သည်ဟု ၎င်းကပြောသည်။

ပြည်နယ်အတွင်းရှိ လက်ပြတ်ပြည်သူများကို လက်အလှတပ်ဆင်ပေးခြင်းနှင့် ကိုင်တွယ် အသုံးပြုနိုင်သည့်လက်များကို တပ်ဆင်ပေးသွားတော့မည်ဖြစ်ကြောင့် ICRC မှ မသန်စွမ်းဥက္ကဋ္ဌထံ ဆက်သွယ်အကြောင်းကြားထားပြီး           ဖြစ်ကြောင်း သိရသည်။

တပ်ဆင်လိုသူများအနေဖြင့် လုံခြုံမှုရှိတဲ့ ဘောင်ဘီနှစ်ထည်၊ ဖိနပ်အပါးတစ်ရံ၊ သွားတိုက်တံ၊ သွားတိုက်ဆေး စသည့် အသုံးဆောင်ပစ္စည်းများ ယူဆောင်လာရမည်ဖြစ်ပြီး စောင်၊ ခြင်ထောင်များ ယူဆောင်လာရန် မလိုအပ်ကြောင်း၊     မြစ်ကြီးနားမြို့နှင့် ၁၅ မိုင်အထက်ဝေးသူများအား လမ်းခရီးကုန်ကျငွေနှင့် စားစရိတ်ကို ပြည်နယ်ကြက်ခြေနီအသင်းရုံးမှ    ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံးတက်နေစဉ် စားစရိတ်နှင့် ကုသမှုစရိတ်များကိုလည်း ၎င်းတို့ဘက်မှ အကုန်အကျခံသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်ဆင်လိုသူများအနေဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ကြက်ခြေနီအသင်းရုံး (ဆေးရုံကြီး တောင်ဘက်၊ ဧရာရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းမကြီး)သို့ဖြစ်စေ၊ ပြည်နယ်မသန်စွမ်းအသင်းဥက္ကဋ္ဌ နေအိမ်(ဝိုင်းမော်မြို့ မဒိန်ကျေးရွာ အိမ်နံ   ပါတ် ၁၅၈) သို့ဖြစ်စေလာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် မသန်စွမ်းအသင်းဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်၏ဖုန်း ၀၉၄၄၃၃၆၅၀၇၅ သို့ ဆယ်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

“ကျောင်းနေအရွယ်မသန်စွမ်းများကို ဦးစားပေးလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းတက်တဲ့သူက  ကျောင်းမှာ ပိုပြီးအခက်အခဲဖြစ်တတ်တဲ့အတွက် ဦးစားပေးလုပ်ပေးရတာ ဖြစ်ပါတယ်။ ခြေလက်မသန်စွမ်းတဲ့ ဘယ်သူမဆို အမြန်ဆုံးဆက်သွယ်ပြီး တပ်ဆင်ယူကြပါလို့ ပြောချင်ပါတယ်”ဟု ကချင်ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌဦးဂျီဇုန်းဆောင်က ပြောသည်။

ထိုမျှမက ခြေတုလက်တုတပ်ဆင်ပေးပြီးနောက် လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် အသက်မွေး  ဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် အမြန်ဆုံး ဆက်သွယ်ကြရန် ဦးဂျီဇုန်းဆောင်   က ပြောသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here