ဖေဖော်ဝါရီ၊၂၆
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ဂျေယန်းစစ်ရှောင်စခန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်သုံးဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးပြီး စစ်ဆေးနေပြီလို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဘယ်လို အကြောင်းအရင်းတွေကြောင့် အခုလိုမျိုး လုပ်တယ်ဆိုတာကို KIO/KIA စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ စစ်ဆေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ ဖြစ်ဖြစ်ချင်းကျွန်တော်တို့ စုံစမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးမှ စစ်ဆေးပြီးမှ အခုလိုမျိုး တရားခံကို ဖမ်းတာဖြစ်ပါတယ်။ သူ့ကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ သူက အခုထိကတော့ ဝန်ခံသွားတယ်လို့ ပြောမှာပေါ့။ သူဝန်ခံပြီးမှ ဘယ်မှာသတ်တယ်။ ဘယ်မှာထားတယ်ဆိုတာကို သူပြောတဲ့ဟာကို ပြန်ပြီးမှ အတည်ပြုပြီးမှ အဲဒီကလေးတွေရဲ့ အလောင်းတွေကို ကောက်ရတာဖြစ်ပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထွက်တဲ့ နောက်ပိုင်းမှသာ ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်တယ်ဆိုတာ တိတိကျကျပြောလို့ရမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။
လက်ရှိ ဖမ်းဆီးရမိထားတဲ့ ပြန်ပေးဆွဲတရားခံအမျိုးသားဟာ အသက် ၂၅ နှစ်အရွယ် အုန်းဆောင်ဒွဲအောင်ဆိုသူ ဖြစ်တယ်လို့ ပြောဆိုနေကြပြီး သေဆုံးသွားတဲ့ မိန်းကလေးငယ်တွေကို စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမရဲ့ အမျိုးသားဖြစ်တယ်လို့လည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားချက်တွေအရ သိရပါတယ်။ အခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။
“အဲဒီလူက အရင်ကနေလည်း KIA ဘက်ကနေ ကျည်တွေဘာတွေ ရောင်းစားပြီးမှ ဖမ်းခံခဲ့ရဖူးတယ်။ အဲဒါကို ပြန်လွတ်လာပြီးမှ အခုဒီအမှုကို ပြန်ကျူးလွန်တာတဲ့။“လို့ လိုင်ဇာဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒါ့အပြင် အထက်ပါအမှုမှာ တရုတ်နိုင်ငံသားတစ်ဦးပါ ပါဝင်ပတ်သက်နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေ ပျံ့နှံ့နေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
သေဆုံးခဲ့ရတဲ့ မိန်းကလေးငယ်သုံးဦးထဲက နှစ်ဦးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညမှာ တွေ့ရှိခဲ့ပြီး နောက်တစ်ဦးကိုတော့ ဒီကနေ့ မနက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိန်းကလေးငယ်သုံးဦးက အသက်မပြည့်သေးတဲ့ အသက် ၁၀ နှစ် ဝန်းကျင် အရွယ်တွေဖြစ်ပြီး ဂျေယန်းမူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က အဲဒီမိန်းကလေးငယ်သုံးဦး မုန်းဆိုင်ယန်ကျေးရွာက သူတို့ ဆရာမဖြစ်သူရဲ့ နေအိမ်သွားတဲ့အချိန် ပျောက်ဆုံးနေခဲ့ရာကနေ သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေကိုသာ ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဂျေယန်းစစ်ရှောင်စခန်းဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်ပါတယ်။







