မြစ်ကြီးနား၊ ဇွန် ၅
ပလတ်စတစ်သုံးစွဲမှုသည် လူသားများ၏ နေ့စဉ်လူမှုဘဝနေထိုင်မှုပုံစံ၌ သြဇာကြီးမားသော လူသုံးပစ္စည်းဖြစ်သည့် အတွက် သုံးစွဲပြီးသောပလတ်စတစ်များကို တခြားနည်းဖြင့် ပြန်လည်အသုံးမပြုလျှင် အသုံးမပြုဘဲနေကြရန် ဇွန်လ ၅ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့”ဆိုသည့် အကြောင်းအရာကို အထူးအလေးပေး ဆွေးနွေးခဲ့ကြပြီး ယင်းပလတ်စတစ်သည် ကမ္ဘာပေါ်တွင်မရှိပါက လုပ်ငန်းလည်ပတ်မှုများ ရပ်တံ့သွားနိုင်သည့် အနေအထားကို ရောက်ရှိနေကြောင်းနှင့် ပလတ်စတစ်သည် တစ်ဖက်က အသုံးဝင်သလောက် တစ်ဖက်တွင် လူသားများကို ဆိုးကျိုးပေးနေသည်ကို တစ်နေ့တခြားတွေ့မြင်လာနေသည်ဟု ဆိုသည်။
“ပလတ်စတစ်ဟာ လူသားတွေရဲ့ ရင်သားကင်ဆာနဲ့ မျိုးပွားမှုနှုန်းကို တားဆီးစေတဲ့အတွက် အန္တရာယ်ရှိတဲ့အရာ ဖြစ်ပါတယ်။ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အဲဒါကြောင့် အားလုံးက အလွန်အကျွံသုံးလာတဲ့ အတွက် စွန့်ပစ်မှုကလည်း များပြားလာပါတယ်”ဟု ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
ပလတ်စတစ်တွင် ပါဝင်သည့် ဒြပ်ပေါင်းများ၏ ပျက်စီးမှုကြာမြင့်ချိန်သည် အခြားအရာဝတ္ထုများနှင့်မတူဘဲ မထင်မှတ်နိုင်အောင် နှစ် ၃၀ မှ နှစ် ၁၀၀၀ အထိ ကြာမြင့်ကြောင်း သိပ္ပံပညာရှင်များက ဖော်ထုတ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပလတ်စတစ်သည် ရေ၌လည်းမပျော်ဝင်၊ မြေ၌လည်း မဆွေးမြေ့သည်သာမက လေတွင်လည်းအန္တရာယ်ရှိနေသည့်အတွက် လူသားများကို ထိခိုက်မှုအများဆုံးသော လူသားများ တီထွင်ထားသည့် အရာဝတ္ထုဖြစ်နေသဖြင့် လူသားများအနေဖြင့် ပလတ်စတစ်ကို လျော့ချသုံးစွဲနိုင်ရန် ရည်ရွယ်ကာ အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ရေထဲမှာ ပလတ်စတစ်များ စွန့်ပစ်မှုကြောင့်နှင့် ငါးဖမ်းပိုက်ကွန်တွေကလည်း ပင်လယ်ထဲကို ရေစီးနဲ့အတူ မြောပါလာပြီး ရေနေသတ္တဝါများကို ဒုက္ခရောက်စေပါတယ်။ ကုန်းပေါ်မှာဆိုရင် ရေချိုတွေပျက်စီးမှုနဲ့ ရေချိုနေသတ္တဝါတွေ ဒုက္ခရောက်ရပါတယ်။ သောက်သုံးရေပျက်စီးမှုဖြစ်စေတယ်”ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောကြားခဲ့သည်။
ပလတ်စတစ်သည် လူသားများအတွက် အသုံးဝင်သော်လည်း ကမ္ဘာမြေအတွက် အန္တရာယ်ဖြစ်စေသည့် ပစ္စည်းဖြစ်သောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လျော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်ပြုပြင် အသုံးချခြင်းတို့ဖြင့် တဖြည်းဖြည်း အသုံးချမှုကိုလျော့ချပြီး အသုံးမပြုသည့်အထိ ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ထို့သို့ နှစ်ကြာရှည်ပျက်စီးပြီးနောက် ပြန်လည်ထွက်ရှိလာသော အပိုင်းအစများသည် ရေထု၊ မြေထု၊ လေထုများကိုလည်း ပျက်စီးစေသည်သာမက ရေနေ၊ ကုန်းနေ သတ္တဝါများကို အန္တရာယ်ဖြစ်စေသည့်အတွက် ရှေးယခင်က တိုင်းရင်းသားများ သုံးစွဲခဲ့ကြသည့် ဆွေးမြေ့လွယ်သော ထုတ်ပိုးမှုများကို သုံးစွဲသင့်သည်ဟုလည်းဆိုသည်သည်။
“ကျွန်တော်တို့အနေနဲ့ ဒီကနေ့ကစပြီး ပလတ်စတစ်ပစ္စည်းများကို နောက်ထပ်တစ်ကြိမ် ပြန်အသုံးမပြုနိုင်ဘူးဆိုရင်တော့ မယူကြောင်း၊ မလိုအပ်ကြောင်းပြောကြားပြီး ငြင်းပယ်ကြပါစို့လို့ တိုက်တွန်းပြောကြားလို့ပါတယ်”ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံမှာ ပတ်ဝန်းကျင်ကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ကမ္ဘာလုံးပါဝင်နိုင်ရန် ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်ကစတင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့ပတ်ဝန်းကျင် ညီလာခံတွင် နှစ်စဉ်ဇွန်လ ၅ ရက်ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကာ ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အထက်တန်းအဆင့် စာစီစာကုံးဆုနှင့် ပန်းချီဆုရရှိသူ စုစုပေါင်း ၆ ဦးနှင့် အလယ်တန်း အဆင့်စာစီစာကုံးဆုနှင့် ပန်းချီဆုရရှိသူစုစုပေါင်း ၈ ဦးတို့အား ဂုဏ်ပြုဆုများပေးအပ်ခြင်းနှင့် ပလတ်စတစ်ကို အခြားနည်းဖြင့် ပြန်လည်အသုံးပြုသူများကိုလည်း ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို အိန္ဒယနိုင်ငံတွင် ပြုလုပ်ကျင်းပနေပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ ၅ ရက်နေ့က မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
မွန်းမွန်းပန်







