လမြန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

140

 

ဧပြီ၊၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအတွင်းကို စစ်ကောင်စီကနေ ဒီကနေ့မနက် ၇ နာရီဝန်းလောက်မှာ ဒရုန်းနဲ့ ဗုံးတွေလာကြဲသွားတယ်လို့ ကြားသိရပါတယ်။

လမြန်ကျေးရွာဟာ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းနဲ့ ဝါရှောင်ကျေးရွာကြားမှာ တည်ရှိတာဖြစ်ပြီး မနက် ၉ နာရီလောက်အထိ ဗုံးလာကြဲသွားတာဖြစ်တယ်လို့ ဝါရှောင်ဆရာတော်က မြစ်ကြီးနားသတင်းဂျာနယ်ကို မိန့်ပါတယ်။

မနက် နာရီကနေ နာရီထိုးခါနီးအထိ လမြန်ဘက်မှာ သူတို့(စကစ) ဒရုန်းနဲ့ လာချတာတဲ့။ အသံက ကျယ်တဲ့အခါကျတော့ အတိုင်းသားကြီးကြားရတယ်။ လို့ ဆရာတော်က မိန့်ကြားပါတယ်။

မနေ့က မတ်လ ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီက ဝိုင်းမော်- ဝါရှောင်ကြားက အဲဒီကျေးရွာဘက်ကို မြေပြင်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အပြင် KIA တပ်မဟာ ၉ ဘက်မှာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာ နေရာဒေသတွေမှာ မြေပြင်တိုက်ခိုက်တာထက် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကတော့ စကစဘက်ကနေ လေကြောင်းနဲ့တိုက်ခိုက်တာတို့၊ ဗုံးကြဲတာတို့ ဆက်တိုက်ရှိနေပါတယ်။ မြေပြင် တိုက်ပွဲတွေကတော့ အဲဒီလောက်တော့ မဟုတ်ပါဘူး။ လေကြောင်းနဲ့တိုက်ခိုက်တာတော့ ရှိပါတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွန်ခဲ့တဲ့ မတ်လ ၁၇ ရက်ကတည်းက ဝိုင်းမော်မြို့တွင်းမှာရှိတဲ့ ၅၈ တပ်ရင်းကို စစ်အင်အားတွေဖြည့်ပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။

KIA ပူးပေါင်းတပ်ဖွဲ့ကတော့ စစ်ကောင်စီရဲ့ ၅၈ တပ်ရင်း အကျော် ကျေးရွာတွေကနေစပြီး ကန်ပိုက်တီမြို့အပါ ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသက နယ်မြေအားလုံးကို မနှစ်က ထိုးစစ်တိုက်ပွဲတွေအတွင်းမှာ တိုက်ခိုက်သိမ်းထားတာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် စစ်ကောင်စီက ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူလိုတဲ့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြတာပါ။

ဝိုင်းမော်မြို့အတွင်း စစ်ကောင်စီဘက်က အင်အားတွေဖြန့်ထားပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာလည်း လမ်းသွားလမ်းလာတွေကို စစ်‌ဆေးရေးတင်းကျပ်နေတယ်လို့လည်း ကြားသိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here