ရေတွင်းထဲ ရေဆိုးစိမ့်ဝင်ခြင်းကြောင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်း၌ လူ ၁၀၀ ကျော် ဝမ်းရောဂါ ခံစားနေရ

1627

မြစ်ကြီးနား။

ဝိုင်းမော်မြို့နယ် မိုင်းနားရွာရှိ စိန့်ဂျိုးဇက် စစ်ဘေးရှောင် စခန်းတွင် ဒုက္ခသည်များ အသုံးပြုနေသော ရေတွင်းများထဲသို့ ဘေးပတ်ဝန်းကျင်ရှိ ရေဝပ်အိုင်များမှ ရေဆိုးများ စိမ့်ဝင်နေခြင်းကြောင့် လူ ၁၀၀ ကျော်ခန့် ဝမ်းရောဂါ ခံစားနေရကြောင်း သိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ရောဂါကူးစက်ခံရသူ အများစုမှာ ကလေးသူငယ်များဖြစ်ကြောင်းစခန်းနေ ပြည်သူ တချို့ထံမှ သိရသည်။

ထိုစစ်ရှောင်စခန်းတွင် ရေတွင်းစုစုပေါင်း ၁၀ တွင်း ရှိသော်လည်း သုံးတွင်းကိုသာ အသုံးပြုနေရသည်ဟုလည်း စခန်းတာဝန်ခံ ဦးဂွမ်ဆိုင်းကပြောသည်။

“ရေတွင်း စလုပ်တဲ့အချိန် ကတည်းကနေ မှားခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ အမြန်ပြီးဖို့ဆိုပြီး အသင့် လုပ်ပြီးသား ကွန်ကရစ်ခွေတွေ ဝယ်ထည့်လိုက်တယ်။ ဒါကြောင့် တစ်ခုနဲ့ တစ်ခုဆက်တဲ့ နေရာမှာ ကွာဟ သွားတာတွေ ရှိခဲ့တယ်။ အဲ့ဒီကနေ ရေစိမ့်ဝင်တယ်လို့ မြင်တယ်” ဟု စခန်းတာဝန်ခံက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပေ ၁၅၀ ခန့်ရှိ ရေဝပ်အိုင်နား တစ်ဝိုက် ရေချိုးကန်၊ အိမ်သာနှင့် ရေတွင်းများ ရှိနေခြင်းကြောင့် ရေတွင်းရေမှာ နောက်ကျိနေပြီး ရေတွင်းနှင့် အိမ်သာ အကွာအဝေးမှာ ပေ ၃၀ ခန့်သာ ရှိကြောင်း မြစ်ကြီးနားသတင်းဂျာနယ်မှ သွားရောက်ကြည့်ရှုစဉ် တွေ့ခဲ့ရသည်။

စစ်ရှောင်စခန်းတွင်နေထိုင်သူဦးရေနှင့် အိမ်သာမမျှတမှုကြောင့်လည်း ကလေးငယ်များမှာ အိမ်သာအပြင်နေရာများတွင် အပေါ့ အလေးစွန့်နေကြရသည်ဟုလည်းဆိုသည်။

ဂေဟစနစ်နှင့် သဘာ၀ ပတ်ဝန်းကျင် (Ecological) အကြောင်း ကျွမ်းကျင်သူ ဆရာဟောင်းခေါင်က ခေတ်သစ် လေ့လာတွေ့ရှိချက်များအရ အိမ်သာနှင့် ရေတွင်းများအား အနည်းဆုံး ပေ ၅၀ နဲ့အထက် ကွာခြားရမည် ဖြစ်ကြောင်း ရှင်းပြသည်။

“Underground water ရဲ့ သဘောအရ အဲဒီရေတွင်းထဲကို ပတ်ဝန်းကျင်က ရေတွေ စိမ့်ဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် ရေသန့်ကိုပဲ သုံးစေချင်တယ်။ အနည်းဆုံးတော့ ရေကို ကျိုချက် သောက်သုံးသင့်တယ်” ဟု ဆရာ ဟောင်းခေါင်က ဆက်လက် ရှင်းပြသည်။

စခန်းအတွင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် အစိုးရမှ ဆေးပေးခန်း တစ်ခုနှင့် ဆရာမ (၂) ဦး ခန့်အပ်ပေးထားပြီး လတ်တလောတွင် တစ်ရက်လျှင် အယောက် ၆၀ ခန့်လာရောက် ကုသမှု ခံယူနေကြောင်း ဆရာဂွမ်ဆိုင်းကပြောသည်။

“ဇွန်လ ၁၁ ရက်နေ့ တစ်ရက်ထဲမှာပဲ အယောက် ၆၀ ကျော် လာကြတယ်။ ဝမ်းကိုက် ဝမ်းလျှော၊နှာစေး ချောင်းဆိုးတဲ့သူတွေပဲ ဖြစ်တယ်”ဟု စခန်း ကျန်းမာရေး တာဝန်ခံ သားဖွားဆရာမ ဒေါ်ခင်မာဦးက ရှင်းပြသည်။

အဆိုပါ ဆေးပေးခန်းမှ ရိုးရိုး ဖျားနာသူများအား ဆေးပေး၊ ဆေးထိုးခြင်း၊ ပညာပေးခြင်း အဆင့်သာ လုပ်ဆောင်ပေးနေပြီး သာလွန်အဆင့် ဖျားနာသူများအား ဆေးရုံများသို့ လွှဲပို့ ပေးနေကြောင်း ဆရာမက ပြောသည်။

အပြင်က ရေသန့် မှာယူ သောက်သုံး နေကြသော စခန်းနေ တချို့ မိသားစုများမှာ ရေတွင်းရေ သောက်သုံးသူများထက် ဝမ်းရောဂါ ခံစားမှု နည်းပါးကြောင်း သိရသည်။

စစ်ရှောင်အယောက်တစ်ထောင်ခန့်မှီခိုနေထိုင်သော စိန်ဂျိုးဇက် စစ်ရှောင်စခန်းကို ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ၇ နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

ဂျွန်ဆိုင်းလတ်အောင် (Social Com;)

LEAVE A REPLY

Please enter your comment!
Please enter your name here