မေ၊ ၂၁
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မနေ့က မေလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ မင်းအောင်လှိုင်က အဲဒီလိုပြောခဲ့တဲ့အကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
“ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆,၀၀၀ ရရှိမည်ဖြစ် ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း“ ဆိုပြီး မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို မြစ်ချောင်းတွေပေါ်မှာ ဆောင်ရွက်လို့ ရနိုင်ပေမဲ့ တချို့နေရာမှာ လုံခြုံရေးကြောင့် ရပ်ထားထားရသလို လုပ်ငန်းဆောင်ရွက်လို့မရတာတွေလည်း ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါသေးတယ်။
ဒါကြောင့် လုပ်ဆောင်လို့ရတဲ့ နေရာတွေကို ဖော်ထုတ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတုန်းကတော့ မြစ်ဆုံရေကာတာကို စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက် နိမ့်ပြီးတော့ ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေရှိတယ်လို့လည်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနား သတင်းဂျာနယ်ကို ဖြေကြားခဲ့ဖူးပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက်က ၁၀ စုနှစ်တစ်စုကျော် ရပ်ဆိုင်ထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော်ဖို့အတွက် တရုတ်ဘက်က စစ်ကောင်စီကို ပြန်လည်ညှိနှိုင်းမှုတွေလည်း ရှိနေတာပါ။
တည်ဆောက်မှာနဲ့ ပတ်သက်တဲ့ စီမံကိန်းအသေးစိတ်ကို မသိရတဲ့အပြင်အမြင့်ပေဘယ်လောက်အထိ ဆောက်မယ်ဆိုတာတွေလည်း တိတိကျကျတော့ မသိရပါဘူး။
Institute for Strategy and Policy (ISP) Myanmar – China Desk ရဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလက ဖော်ပြထားချက်အရတော့ ဆည်ဆောက်လုပ်မယ့် နယ်မြေအကျယ်အဝန်းဟာ ၁၈,၀၀၀ စတုရန်းမိုင်၊ အထက်ရေလှောင်ကန်ကြီးရဲ့ ရေအမြင့် ၉၈၀ ပေ၊ ဆည်အမြင့် ၅၀၀ ပေ၊ ရေလှောင်ကန်ကြီးရဲ့ အမြင့်ဆုံးထိန်းနိုင်တဲ့ ရေအမြင့် ၉၅၀ ပေနဲ့ အများဆုံးထိန်းထားနိုင်တဲ့ရေထု ၃၄ ဧကပေသန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိတယ်လို့ သိရပါတယ်။
ပညာရှင်တွေရဲ့ အစီရင်ခံစာအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။
စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀(မိုင် ၆၀) လောက်သာ ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေပြီး ပြိုကျခဲ့ရင်တော့ မြစ်ကြီးနားမြို့ဟာ ရေလွှမ်းမိုးနိုင်တယ်လို့ အစီရင်ခံတွေက ဆိုထားပါတယ်။
မြစ်ဆုံရေကာတာကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီအနေနဲ့ မဖြစ်မနေ ပြန်လည်စတင်လာမယ်ဆိုရင်လည်း ကချင်ပြည်နယ်အတွင်းက သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ဆက်လက်ကန့်ကွက်မှုတွေ လုပ်ဆောင်နေဦးမယ်လို့လည်း သိရပါတယ်။
မြစ်ဆုံဆည်တည်ဆောက်ဖို့အတွက် ၂၀၀၂ ခုနှစ်မှာ မြေလေ့လာတိုင်းထွာမှု စတင်ပြီး ကန်ဆိုင်းလျှပ်စစ်ဓာတ်အားကုမ္ပဏီက တန်ဖဲရွာမှာ အသေးစားမိုးလေဝသနဲ့ ဇလဗေဒဌာနတစ်ခု တည်ဆောက်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ CPI ကုမ္ပဏီ (SPIC လို့ပြောင်းလဲထား)နဲ့ MOEE (လျှပ်စစ်စမ်းအားဌာနာ၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ရေအားလျှပ်စစ်ဌာန)တို့ နားလည်မှုစာချွန်လွှာ (MOU) ယူထိုးပြီး ၂၀၀၉ ခုနှစ်မှာတော့ BANCA ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာ (EIA) ထွက်ရှိပြီးတော့ နားလည်မှုစာချွန်လွှာကို အပြီးသတ်လက်မှတ်ထိုးခဲ့ကြတယ်လို့ ISP Myanmar – China Desk က ဆိုပါတယ်။
အဲဒီနောက် ၂၀၀၉- ၂၀၁၀ မှာတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ ကျေးရွာတွေကို စတင်ရွှေ့ပြောင်းပြီး တည်ဆောက်ရေးစီမံကိန်းအဆင့် ၁ ကို စာတင်ခဲ့ကြရာ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှု လေးကြိမ်ဖြစ်တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
ပြည်သူလူထု ကန့်ကွက်တာကြောင့် သမ္မတဦးသိန်းစိန်က သူရဲ့အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ကုန်မှာ ကြေညာခဲ့တာကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားခဲ့တာ အခုဆိုရင် ၁၃ နှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။







