နိုင်ငံရေး၊ စစ်ရေးအခြေအနေ ဘယ်လိုပဲ တင်းမာလာပါစေ မှန်ကန်တဲ့လမ်းကြောင်းကနေ တစ်စိုက်မတ်မတ် ဆက်လက်ကြိုးစားသွားဖို့ KIO ဥက္ကဌပြော

97
ဗိုလ်ချုပ်ကြီးအင်ဘန်လ

ဩဂုတ်၊၁၀

တော်လှန်ရေး လုပ်ငန်း မပြီးဆုံးသေးတဲ့အတွက် နိုင်ငံရေး၊ စစ်ရေးအခြေအနေ ဘယ်လိုပဲ တင်းမာလာပါစေ မှန်ကန်တဲ့လမ်းကြောင်းကနေ တစိုက်မတ်မတ် ဆက်လက်ကြိုးစားသွားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့စည်း(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ပြည်သူတွေကို အသိပေး ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့အပြား တိုက်ခိုက်နေဆဲဖြစ်ပြီး ပဋိပက္ခနယ်မြေမဟုတ်တဲ့ ရွာ၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲချတာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ရန်သူရဲ့ အခြေအနေကို အမြဲတမ်း သတိထားဖို့ကိုလည်း သတိထားပါတယ်။

ဒါ့အပြင် ဒီကနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ အားလုံးကို အလေးပြုလိုက်ပြီး အမျိုးသားတော်လှန်ရေး လုပ်ငန်းတာဝန် ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တွေ၊ ပြည်သူတွေနဲ့ တော်လှန်ရေး တာဝန် အတူလက်တွဲပြီး မိမိဒေသနယ်မြေ စစ်ရေးအစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပြီး အသက်ကိုပေးဆပ်ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ သူရဲကောင်းအားလုံးကို အောက်မေ့သတိရပြီး ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ ထည့်သွင်း ပြောကြားထားပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိပြီး အသက်ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ မိဘတွေနဲ့ မိသားစုဝင် သွေးရင်းသားရင်းတွေလည်း ဝမ်းနည်းပူဆွေးနေရပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အဖိုးတန်ဆုံးသော အသက်ပေးဆပ်ခဲ့ကြတဲ့အတွက် စိတ်ဓာတ်ခွန်အား ရယူကြဖို့လည်း ပြောပါတယ်။

ရှေးယခင်က တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်ရဲမက်တွေနဲ့ အသက်နဲ့လဲပြီး ကာကွယ်ခဲ့တဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် သစ္စာစောင့်သိပြီး ကာကွယ်ကြစို့။ ရှေးယခင်က တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်ရဲမက်တွေကို စံနမူနာကို လိုက်နာပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေး လုပ်ငန်းတွေမှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အောင်ပွဲရရှိအောင် ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဆက်လက် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေကို မှာကြားလိုက်တာပါ။

KIO အစိုးရ ဝန်ထမ်းတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို အပြည့်အဝ လိုက်နာကြဖို့နဲ့ မိမိကို ပေးအပ်ထားတဲ့ အခွင့်အာဏာကို ပြည်သူတွေအပေါ် အလွဲသုံးစားမလုပ်မိအောင် သတိထားဆင်ခြင်နေထိုင်ကြဖို့နဲ့ ပြည်သူလူထုတွေနဲ့ ပြေလည်အောင် ပေါင်းသင်းဆက်ဆံပြီး အချင်းချင်း ဖေးမကူညီကြဖို့အပြင် လူမျိုးအချင်းချင်းကြား ခွဲခြားဆက်ဆံတာ လုံးဝ ရှောင်ကြဉ်ကြဖို့ကိုလည်း အထူးမှာကြားထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည် မိသားစုဝင်တွေကို ဖေးမကြဖို့နဲ့ တတ်နိုင်သမျှ ကူညီပေးကြဖို့အပြင် အိမ်နီးချင်း တော်လှန်ရေးအဖွဲ့တွေထဲက အသက်ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကိုလည်း အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးကူညီပြီးတော့ တော်လှန်စစ်ပွဲမှာ ကိုယ်လက်အင်္ဂါ ပေးဆပ်လိုက်ရတဲ့ စစ်သည်တွေကိုလည်း ချီးကျူးဂုဏ်ပြုရင်း အမြဲခွန်အားပေးကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here