KIO/KIA ထိန်းချုပ်နယ်မြေတွေမှာ မဲပုံးထောင်ခွင့် ပြုမှာမဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူပြော

23

ဩဂုတ်၊၂၆

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ထိန်းချုပ်နယ်မြေတွေအတွင်း လက်ရှိအခြေအနေအရ မဲပုံးထားဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲကျင်းပဖို့ ကချင်ပြည်နယ်က မဲဆန္ဒနယ်တွေ သတ်မှတ်ရာမှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ကနေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆ ခုလည်း ပါဝင်နေတာပါ။

အဲဒီလို KIO/KIA ထိန်းချုပ်နယ်မြေတွေ ပါဝင်နေတဲ့အပေါ် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲ ပြုလုပ်ခွင့် ပြု/မပြုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့လက်ရှိအခြေအနေမှာ KIO ထိန်းချုပ်နယ်မြေမှာ မဲပုံးထားဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ို့ ပြန်လည် ဖြေကြားပါတယ်။

မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း-စတဲ့ ခရိုင် ၆ ခုအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၁၈ မြို့နယ်လုံးကို မဲဆန္ဒနယ်အဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားပြီး အဲဒီအထဲက ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်နဲ့ အင်ဂျန်းယန်မြို့နယ်တွေကိုတော့ KIA ကနေ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်း တစ်လျှောက်အပြင် တရုတ်- မြန်မာ တရားဝင် ကုန်သွယ်ရေးဂိတ်ရှိရာ လွယ်ဂျယ်မြို့နဲ့ ကန်ပိုက်တီမြို့အပါ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မံစီ၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်-အစရှိတဲ့ ဒေသတွေလို မြို့နဲ့ မြို့နယ် ၁၀ ခုကျော်လောက်ကို KIA ကနေ ထိန်းချုပ်ထားတာပါ။

တစ်ဖက်မှာလည်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ ဖားကန့်ဒေသဘက်နဲ့ ဗန်းမော်မြို့မှာတော့ လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့မှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆက်လက်ကျင်းပပြုလုပ်မယ့် အပိုင်းလိုက် နေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၈ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပြည်နယ်နဲ့တိုင်း အသီးအသီးက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီအထဲ ကချင်ပြည်နယ်က မြို့နယ်တွေလည်း ပါဝင်ပါတယ်။ မြစ်ကြီးနားမြို့နယ်အပါအဝင် တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအို၊ မိုးညှင်း စတဲ့မြို့နယ်တွေမှာ ကျင်းပသွားမှာလို့ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာထားတာပါ။ အဲဒီဒေသတွေဟာ စစ်ကောင်စီလက်လှမ်းမီ ကျင်းပနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၈၄ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၂၆ နယ် စုစုပေါင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁၀ မှာ ရွေးကောက်ပွဲကျင်းပသွားဖို့ သတ်မှတ်ကြေညာလိုက်တဲ့အပြင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အဖြစ် ၃၃၀ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ဆန္ဒနယ်မှာတော့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၃၂၂ နယ်နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)နဲ့ ကျင်းပမယ့် မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း ၃၆၄ နယ် သတ်မှတ်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here