စက်တင်ဘာ၊ ၁
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ အခြားစီမံကိန်းအချို့ကို တရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာလုပ်တဲ့ မြန်မာ-တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲမှာ မင်းအောင်လှိုင်က ပြောခဲ့တာလို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာပါ။
တရုတ်နိုင်ငံရဲ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် အခုအချိန်မှာ မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေးနဲ့ မန္တလေးကျောက်ဖြူ ရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကိုတော့ ၂၀၀၂ ခုနှစ်ကတည်းက လေ့လာရေးစလုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် ပြည်သူလူထု ကန့်ကွက်ခဲ့တာကြောင့် သမ္မတဦးသိန်းစိန်လက်ထက်ကနေ စတင်ရပ်ဆိုင်းခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၄ ခုနှစ်မှာတော့ မြစ်ဆုံရေကာတာကို အန္တရာယ်မရှိအောင် အရင်စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက်နိမ့်ပြီး ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေရှိတယ်လို့ ကြားသိရတဲ့အကြောင်းလည်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီိးနားသတင်းဂျာနယ်ကို ဖြေကြားဖူးပါတယ်။
ပြန်ပြင်ဆောက်မယ်ဆိုတဲ့ စီမံကိန်းအသေးစိတ်ကိုတော့ မသိရတဲ့အပြင် အမြင့်ပေဘယ်လောက်အထိ ဆောက်မယ်ဆိုတာတွေလည်း တိတိကျကျတော့ မသိရပါဘူး။
အဲဒီနောက် အခုနှစ်မေလထဲမှာတော့ မင်းအောင်လှိုင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိတာလို့ ထွက်ပြောခဲ့ပါသေးတယ်။
ပညာရှင်တွေရဲ့ အစီရင်ခံစာအရ မြစ်ဆုံစီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။







