ကချင်ပြည်နယ်အတွင်း ရေလမ်းအသုံးပြုကျောင်းတက်ရသည့် ဒေသများအတွက် အသက်ကယ်အင်္ကျီအထည် ၅၀၀ ကျော်ရောက်ရှိ

1621
ဖားကန့် ဥရုချောင်း

မြစ်ကြီးနား၊ ဇွန် ၂၃

ကချင်ပြည်နယ်အတွင်း မြစ်ကူးချောင်းခြားကျောင်းတက်နေရသည့် ဆရာဆရာမများနှင့် ကျောင်းသူ/သားများအတွက် ပညာရေးဝန်ကြီးဌာနကပေးအပ်သော အသက်ကယ်အင်္ကျီအထည်ငါးရာကျော်ကို ဇွန်လ ၂၂ ရက်တွင်လက်ခံရရှိကြောင်း  ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေလမ်းအသုံးပြု၍ ကျောင်းတက်နေသည့် ကျောင်းသားများ၊ ဆရာများနှင့် ပညာရေး ဝန်ထမ်းများကို ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပေးအပ်နေခြင်းဖြစ်ကာ ပြည်နယ်အစိုးရမှတစ်ဆင့် လက်ခံရရှိထားသည့် အဆိုပါအင်္ကျီများကို သက်ဆိုင်ရာခရိုင်များသို့ ခွဲဝေချထားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (လွှတ်တော်ရေးရာ) ဦးရဲအောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်ရုံးကနေ ခရိုင်ကို ချိတ်တယ်။ ခရိုင်ကနေမြို့နယ်ကို ချိတ်ထားတယ်။ မြို့နယ်ကနေ ဟိုးအောက်ခြေ ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေအထိ သူတို့တောင်းထားတဲ့ စာရင်းအတိုင်း ချပေးတော့မှာပါ။ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေလို ဆရာတို့ပြည်နယ်မှာ အသက်အန္တရာယ် စိုးရိမ်စရာတော့မရှိပါဘူး”ဟု ဦးရဲအောင်က ပြောသည်။

ပေးအပ်ခဲ့သည့် အသက်ကယ်အင်္ကျီများမှာ ဆိုဒ်အသေး ၂၁၉ စုံ၊ ဆိုဒ်အကြီး၃၂၄စုံတို့ဖြစ်ပြီး တန်ဖိုးအနေဖြင့် အကြီးတစ်စုံလျှင် ၆၀၀၀ကျပ်၊ အသေးတစ်ထည်လျှင် ၅၅၀၀ကျပ်တန်ဖိုးရှိကြောင်း ပြည်နယ်ပညာရေးမှုးရုံးမှ စာရင်းဇယားများအရ သိရသည်။

ကချင်ပြည်နယ်တွင်လည်း မြစ်ကူး ချောင်းခြားကျောင်းတက်နေကြရသောဆရာ/မများ၊ ကျောင်းသူ/သားများရှိသော်လည်း အခြားဒေသများကဲ့သို့ ဆိုးဆိုးရွားရွားရေလမ်းခရီးများ မရှိကြောင်း ဦးရဲအောင်က ဆက်ပြောသည်။

“အရင်ကတည်းက ဘာမှမပါဘဲသွားလာတာတောင် ဘာမှမဖြစ်ဖူးတာ။ အခုဆိုရင် အသက်ကယ်ဝတ်စုံတွေ ပေးထားမယ်ဆိုရင် စိတ်ချလက်ချနဲ့သွားလာလို့ရပါပြီ”ဟု ဦးရဲအောင်က ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက မြန်မာနိုင်ငံအဝန်းရှိ ချောင်း၊ မြောင်း၊ အင်းအိုင်၊ မြစ်ကမ်းနား၊ ပင်လယ်ကမ်းခြေ၊ မြစ်ဝကျွန်းပေါ် ရေလမ်းအသုံးပြုရာဒေသအတွင်းရှိ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ စသည့် ပညာရေးလုပ်သားများအတွက် အသက်ကယ်အင်္ကျီများကို လိုအပ်မှုအဆင့် (က)၊(ခ)၊(ဂ) ဦးစားပေးခွဲခြားကာ ပညာသင်နှစ်အစတွင်ထုတ်ပေးပြီး နှစ်ဆုံးတွင် ပြန်လည်အပ်နှံသည့်စနစ်ဖြင့် ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့သည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် အသက်ကယ်အင်္ကျီများကို နှစ်နှစ်လျင် တစ်ကြိမ်နှုန်းဖြင့် လဲလှယ်ထုတ်ပေးခဲ့ရာ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးအတွက် အသက်ကယ်အင်္ကျီအသေး ၂၄၄၈၉ စုံ (တစ်စုံလျှင်တန်ဖိုး ၅၅၀၀ ဖြင့် ၁၃၄၆၇၈၉၅၀၀ ကျပ်)၊ အသက်ကယ်အင်္ကျီအကြီး  ၂၂၁၂၅ စုံ(တစ်စုံလျင်တန်ဖိုး ၆၀၀၀ ကျပ်ဖြင့် ၁၃၂၇၅၀၀၀၀ ကျပ်) စုစုပေါင်း အသက်ကယ်အကျႌ ၄၆၆၁၄ ထည်အတွက် ၂၆၇၄၃၉၅၀၀ ကျပ် အသုံးပြုပြီး ခွဲဝေဆောင်ရွက်ပေးခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

ဆိုင်း(ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here