၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို တက်ရောက်လာသည့် KIO /KIAမှ ဗိုလ်ချုပ်ဂွန်မော်က ကချင်ပြည်နယ် အတွက် အကောင်းဆုံးဆွေးနွေးသွားမည်ဟု ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကတော့အကောင်းဆုံးလုပ်သွားမယ် ပြည်နယ်အတွက်ကော် ကချင်တွေအတွက်ကော်အကောင်းဆုံးဆွေးနွေးသွားမှာဖြစ်ပါတယ် “ ဟု ဗိုလ်ချုပ် က ပြောသည်။
ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်၍လာသည့် KIO/KIA အဖွဲ့သည် UWSA ‘ဝ’ အဖွဲ့ ၊ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ NDAA မိုင်းလား အဖွဲ့တို့ နှင့်အတူ ဇူလိုင် ၁၂ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ဇူလိုင် ၁၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ကြသည်။
“သူတို့ သုံးဖွဲ့ကတော့ နှစ်ယောက်စီ ကျွန်တော်တို့ KIO ကတော့ ကျွန်တော်တစ်ယောက်ပဲ အလွတ်သဘောတွေ့ဆုံတဲ့သဘောမျိုးနဲ့ သွားတွေ့တာဖြစ်ပါတယ် အဓိကတော့ FPNCC ကနေ အရင်တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆက်ပြီးဆွေးနွေးချင်တဲ့အကြောင်းကို ကျွန်တော်တို့ပြောပါတယ် အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အန်က NCA အပေါ်မှာ ထားရှိတဲ့အချို့သဘောထားတွေကို တင်ပြတာဖြစ်ပါတယ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း သူတို့ဘက်ကသဘောထားတစ်ချို့ကို ပြန်ရှင်းပြပါတယ် အဲ့ဒီလောက်ပါပဲ တစ်ခြားထွေထွေထူးထူးဆွေးနွေးတာမရှိပါဘူး “ ဟု ဗိုလ်ချုပ်ဂွန်မော်ကပြောသည်။
လက်ရှိအနေအထားတွင် တနိုင်ငံလုံးအပစ်အခတ် တိုက်ခိုက် ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးရန် စောသေးကြောင့် နှင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်သွားမည်ဟုလည်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
” ခုချိန်မှာတော့ NCA လက်မှတ်ကိုထိုးဖို့မထိုးဖို့ကစောပါသေးတယ် ဘာပဲဖြစ်ဖြစ် ပြန်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ် ဒါပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးပွဲတွေကတော့ သူ့အစီအစဉ်နဲ့သူ စနစ်တကျသွားနေတဲ့ ပင်လုံအစည်းအဝေးလို မဟုတ်ပဲနဲ့ တစ်ခြားအချိန်တစ်ခု မှာ ဆွေးနွေးသင့်တယ်လို့ အပြန်အလှန်ဒီလိုပဲ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ် ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းကတော့ သီးသန့်ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟုဗိုလ်ချုပ်က ဆက်လက်ပြောသည်။
ဇူလိုင် ၁၁ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံမှုတွင် စစ်လျှော့ချရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ခြင်းမရှိပဲ ချိတ်ဆက်မှုတစ်ခုရှိရေးကို သာပြောဆိုခဲ့ကြသည်။
“ကာကွယ်ရေးဦးစီးချုပ်နဲ့ ချိတ်ဆက်မှုတစ်ခုကို လုပ်ဖို့လိုတယ် ဆိုတဲ့အပိုင်းပဲပြောပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်က ကျွန်တော်တို့ KIO ရဲ့အပိုင်းကို သီးသန့်ပြောဖို့ မဟုတ်ပဲ ၇ ဖွဲ့ ရဲ့အရေးကိုပြောတာဖြစ်တဲ့အတွက်ကြောင့် အဲ့အရေးတွေမဆွေးနွေးပါဘူး “ ဟု မီဒီယာများ နှင့်တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
KIO/KIA ပါဝင်သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ အစိုးရ၏ ဖိတ်ကြားမှုဖြင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။
Salai
Photo – Salai







