တစ်နှစ်လျင်တစ်ကြိမ် ကျင်းပရန် စီစဉ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)သည် ဇူလိုင်လ ၁၁ ရက်မှစ၍ တတိယအကြိမ်မြောက် ကျင်းပနေပြီဖြစ်သည်။ ဇူလိုင်လ ၁၆ ရက်နေ့အထိ ခြောက်ရက်ကြာကျင်းပမည့် ထိုညီလာခံသည် တစ်နှစ်ကျော်ကြာ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ငါးကြိမ်တိုင် ရက်ရွှေ့ဆိုင်းခဲ့ရပြီးမှ ကျင်းပဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က ကျင်းပခဲ့သော ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေး တစ်ကြိမ်နှင့် ယခုအစိုးရလက်ထက် နှစ်ကြိမ်၊ စုစုပေါင်းသုံးကြိမ်ကျင်းပခဲ့ပြီဖြစ်သော်လည်း ရလဒ်များကို ပြည်သူအများစုက ကျေနပ်အားရမှု မရှိခဲ့ကြချေ။ သို့သော် ယခုတစ်ကြိမ်တွင် တင်ကြိုညှိနှိုင်းမှုများ၊ ပြင်ဆင်မှုများ ဆောင်ရွက်ထားသည်ကို တွေ့နေရ၍ ယခင်အကြိမ်များကထက် ပို၍ထိရောက်သော ရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။
ညီလာခံသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ဖြေလျှော့ရန် လတ်တလောကာလအတွက် အသင့်တော်ဆုံး နည်းလမ်းဟု ယူဆပါသည်။ ထို့အပြင် အကြီးမားဆုံးသော အရွေ့တစ်ခုသို့ တက်လှမ်းရန်အတွက်လည်း အသင့်တော်ဆုံးနည်းလမ်းဖြစ်သဖြင့် ညီလာခံမှ ထွက်ပေါ်လာမည့် ဆွေးနွေးချက် ရလဒ်များက စိတ်ဝင်စားစရာ ကောင်းလှသည်။
ယခုအကြိမ်တွင် တပ်မတော်နှင့် စစ်ရေးတင်းမာနေဆဲဖြစ်သည့် အဖွဲ့များကိုလည်း ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားထားသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ပါဝင်သည့် မြောက်ပိုင်းခုနစ်ဖွဲ့နှင့် KNPP တို့လည်း ညီလာခံသို့တက်ရောက်ကြသည်။ အစည်းအဝေးများတွင် သဘာပတိ၏ ခွင့်ပြုချက်ဖြင့် ဆွေးနွေးခွင့်လည်း ရရှိမည် ဆိုသည့်အချက်က ထူးခြားသည်။
လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များ တက်ရောက်မည်ဆိုခြင်းက မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကောင်းသောအလားအလာ ဖြစ်ပေသည်။ တစ်ဦးကိုတစ်ဦးမပြောမဆိုဘဲနေခြင်းထက် ပြောဆိုဆွေးနွေးညှိနှိုင်းခြင်းက လိုရာခရီးကို ရောက်စေနိုင်သည့် အကောင်းဆုံးသော လမ်းစဉ်ဖြစ်ကြောင်း လူတိုင်းလက်ခံထားသည်။ အဝေးမှ ထုတ်ပြန်ကြေညာချက်များဖြင့် အပြန်အလှန်ပြောဆိုနေခြင်းထက် တိုင်းရင်းသားအားလုံး ရှေ့မှောက်တွင် ညှိနှိုင်းဆွေးနွေးခြင်းက ဘောင်ဝင်သောလုပ်ရပ် ဖြစ်သည်။
ယခုညီလာခံတွင် ထိရောက်သော ဆွေးနွေးအဖြေရှာမှုများ အဆင့်တစ်ခုအထိရောက်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ ထိုသို့ မပြုလုပ်နိုင်လျင် နောက်တစ်ကြိမ်တွင် ပြေလည်ဖို့က မရေရာလှသဖြင့် ယခုတစ်ကြိမ် တွင် ရလဒ်တစ်ခုခုထွက်အောင် ဆွေးနွေးလိမ့်မည်ဟု မြင်သည်။ တစ်နှစ်လျင် နှစ်ကြိမ်ဆိုခြင်းအားဖြင့် ၂၀၁၈ ခု နှစ်အတွင်း ကျန်ရှိနေသေးသည့် နောက်တစ်ကြိမ် ဆက်လက်ဆွေးနွေးနိုင်ရေးအတွက်ကလည်း ဒီတစ်ကြိမ်က အရေးပါလှသည်။ ယခုတစ်ကြိမ် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါမှ နောက်ထပ် နောက်ထပ်သော အကြိမ်များကို ဆက်လှမ်းနိုင်ပါလိမ့်မည်။
နှစ်ပေါင်း ၇၀ ခန့် အမြစ်တွယ်လာခဲ့သည့် ပြဿနာတစ်ရပ်ကို ညီလာခံ သုံး၊ လေးကြိမ်ခန့်ဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန် မလွယ်ကူသော်လည်း ထိုအမြစ်ကို တစ်ရစ်ချင်းဖြတ်ထုတ်ရန်အတွက် လက်နက်တည်းဟူသော တိုင်းရင်းသားတို့ ညီညာကြဖို့ အချိန်ရောက်လာခဲ့ပြီ။
ငြိမ်းချမ်းရေးခရီးကို အတူသွားရန် လှေတစ်စီးတည်းပေါ်တွင် စုရုံးရောက်ရှိနေကြပြီ။ တစ်နေ့နေ့မှာတော့ အရွေ့တစ်ခုဆီသို့ ရောက်ရမည်သာ။ ။
မြစ်ကြီးနားသတင်းဂျာနယ်




