မြစ်ကြီးနားမြို့မှာ ဗုဒ္ဓဟူးနေ့ထွက်တဲ့ စက်သုံးဆီအသုံးပြု ယာဉ်တွေကို ဖမ်းဆီးနေ

2

ဧပြီ၊ ၁

စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ စစ်ကော်မရှင်က ပြောပြီးတဲ့နောက် ဒီကနေ့မှာတော့ မြစ်ကြီးနားမြို့မှာ စက်သုံးဆီအသုံးပြု မောင်းနှင်ရတဲ့ ကားတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းရှေ့ KBZ ဘဏ်အနီးမှာ အိမ်စီးကားနှစ်စီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကော်မရှင်ရဲတွေကနေ စက်သုံးဆီအသုံးပြုရတဲ့ ကားငါးစီးကို ဖမ်းဆီးနေတာ မြင်တွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကားနှစ်စီးနဲ့ ရဲတွေ သေနတ်လည်း ကိုင်ထားတယ်။ သူတို့ရဲတွေနည်းနည်းတော့ များတယ်။ တစ်ခါတည်း ကားပေါ်ကဆင်းပြီး မျက်စိရှေ့မှာပဲ ကားသုံးစီးကိုတော့ ဖမ်းလိုက်တယ်။ ကျန်တဲ့ကားနှစ်စီးတော့ သံဃာတွေကို တင်တဲ့ကားဟုတ်တယ်။ အဲဒီကားနှစ်စီးကိုတော့ ဖမ်းလားမဖမ်းဘူးလားတော့ မသိဘူး။ သူတို့ရှေ့က ပြန်ဖြတ်တဲ့အချိန် ရဲတစ်ယောက်က ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီအသုံးပြုရတဲ့ ယာဉ်တွေမထွက်ခိုင်းဘူးလို့ ပြောနေတာ။လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးအရေးယူမှု ပြုလုပ်နေတဲ့အထဲ ယာဉ်ထိန်းရဲတွေမပါဘဲ စစ်ကော်မရှင်ရဲတွေကပဲ ဖမ်းဆီးမှုတွေ ပြုလုပ်တာ မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီကနေ့မှာတော့ မြို့တွင်းလမ်းမပေါ်တွေအပြင် လမ်းကြားတွေမှာပါ လမ်းသွားလမ်းလာပြည်သူတွေ မရှိသလောက်ပဲလို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆီနဲ့အသုံးပြုရတဲ့ကားတွေ ဆိုင်ကယ်တွေက မထွက်ကြတော့ဘူး။ ဘက်ထရီဘီးတွေတောင် သိပ်မထွက်တာမတွေ့ဘူး။ လမ်းမှာဆိုရှင်းနေရော။ တံမြက်စည်းလှည်းထားအတိုင်းပဲလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

စစ်ကော်မရှင်က အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရဌာနတွေကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ မတ်လ ၂၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ ဗုဒ္ဓဟူးနေ့ထွက်တဲ့ စက်သုံးဆီသုံးကားတွေကို ဖမ်းပြီး အရေးယူမယ်လို့တော့ တရားဝင် ထုတ်ပြန်ထားတာမရှိပါဘူး။

ဒါပေမဲ့ မော်တော်ယာဉ်တွေကို နံပါတ်အလိုက် စုံရက် ၊ မရက် ခွဲပြီးတော့ တစ်ရက်ခြား မောင်းနှင်အသုံးပြုရမယ်လို့ ထုတ်ပြန်ထားပြီး ထွက်ရက်မဟုတ်တဲ့ ကားတွေထွက်ရင်တော့ အရေးယူမယ်လို့ ပြောထားပါတယ်။

လက်ရှိ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လောင်စာဆီ တင်သွင်းတဲ့ သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားတွေဖြစ်ပေါ်လာတဲ့နောက် စက်သုံးဆီဖူလုံမှုရှိရေး အကျပ်အတည်းကို နိုင်ငံတွေအများစု ကြုံနေရတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here