ဧပြီ၊၂၂
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက် ၂၀ ခန့်ကို စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေကနေ မနေ့ ည ၉ နာရီခွဲလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာမှာရှိတဲ့ မိုင်ပုဂ္ဂလိဆေးရုံက ဆရာဝန်၊သူနာပြုတွေနဲ့ ဝန်ထမ်းတွေကို စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မိုင်ဆေးခန်းက ဆရာမတွေဆရာတွေ ဝန်ထမ်းတွေကို ရိုက်နှက်ပြီးတော့ ခေါ်သွားကြတယ်။ ဖုန်းတွေလည်း အများကြီးပါသွားတယ်။“လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
စစ်ကော်မရှင်ပူးပေါင်းတပ်တွေက အင်အား ၃၀ ခန့်နဲ့ မိုင်ဆေးခန်းကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆရာဝန်၊သူနာပြုတွေနဲ့ ဝန်ထမ်းတွေကို ယမ်းချက်စက်ရုံဘက် ဖမ်းဆီးခေါ်ဆောင်သွားကြတာဖြစ်တယ်လို့ ပြောပါတယ်။ အတိအကျကိုတော့ မသိရပါဘူး။
လုံးခင်းကျေးရွာနေ ဒေသခံတစ်ဦးကလည်း မိုင်ဆေးရုံမှာ ဝန်ထမ်းတွေကို ဖမ်းဆီးသွားတာ မှန်ကန်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ လုံးခင်းကျေးရွာက ဥရုဆွတ်အောင်မိုတယ်မှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ တည်းခိုသူအချို့ကိုလည်း စစ်ကော်မရှင်ပူးပေါင်းတပ်တွေက ဖမ်းဆီးသွားတယ်လို့ နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဥရုဆွတ်အောင်ဆိုတဲ့ မိုတယ်ကနေလည်း ဖုန်းတွေ ပိုက်ဆံတွေယူပြီး လူတွေကိုလည်း ဖမ်းခေါ်သွားတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
လုံးခင်းကျေးရွာကို နေရာယူတပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ ဒေသခံပြည်တွေကို လမ်းတွေမှာ စစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေတဲ့အပြင် နေအိမ်နဲ့ အလုပ်နေရာတွေအထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ လုံးခင်းကျေးရွာ တံတားကြီး၊ မှော်စီစာကျေးရွာနဲ့ ဆောင်းချိန်ကျေးရွာတွေက နေရာတချို့မှာ နေရာယူတပ်စွဲထားတာဖြစ်ပါတယ်။
ဒီနေ့ ဧပြီလ ၂၂ ရက်နေ့က စပြီး ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ကနေ ဖားကန့်- နန်ယား- ကာမိုင်းလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့ စာထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂ ရက်နေ့ကတော့ KIA/KPDF ပူးပေါင်းတပ်တွေက အင်မားယန်ကျေးရွာက စစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား တဖန် တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပါတယ်။







