ဧပြီ၊၃၀
သင်္ကြန်ပြီးနောက်ပိုင်း ဖားကန့်ဒေသက ကျေးရွာတချို့နဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းလုပ်ကွက်တချို့တွေမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပါတယ်။
အဲဒီပြင်းထန်နေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်းက လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
ဒေသခံတစ်ဦး၊ဖားကန့်မြို့
“လက်နက်ကြီးတွေလည်း သူတို့ပစ်ချင်သလိုပစ်နေတယ်။ ဖားကန့်ဒေသက ဒေသခံတွေ စစ်ကြောင်းရောက်လာတဲ့အချိန်ကစပြီး လုပ်ကိုင်ရှာဖွေစားသောက်တဲ့အပိုင်းတွေမှာ ပိုခက်ခဲလာတယ်။ အိမ်ပြင်တောင်ထွက်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ ရေမဆေးမြေစာပုံဘက်လည်းသွားလို့မရ။ သူတို့(စစ်ကော်မရှင်စစ်ကြောင်း) ရောက်လာတဲ့အချိန်ကစပြီး သူတို့က လူတစ်ယောက်ကို လူတစ်ယောက်လို တန်ဖိုးမထားဘူး။ သေနတ်အကြောင်းမဲ့ ပစ်သတ်တာတွေလုပ်ရင် ပြည်သူတွေက ပိုကြောက်လာတယ်၊ သူတို့ ကြောက်ပါစေဆိုတဲ့ ပုံစံနဲ့လုပ်တယ်လို့ ထင်တယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်နေပြီး အဲဒီကလေးငယ်တွေဟာ တိုက်ပွဲကြောင့် စစ်ရှောင်နေကြရတဲ့ ကလေးငယ်တွေဖြစ်ပါတယ်။
သင်္ကြန်ပြီးနောက် နှစ်ဖက်ပစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရတဲ့သူတွေ လက်ရှိအချိန်ထိ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မှတ်ယူထားနိုင်တဲ့စာရင်းအရ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် အသတ်ခံထားရတဲ့ဒေသခံပြည်သူ ၅ ဦးထက်မနည်းရှိပြီး ဘာကြောင့်အသတ်ခံရသလဲ၊ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ထားတာလဲဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့လည်း သေချာမသိရသေးပါဘူး။
အခုလို တင်းမာနေတဲ့အခြေအနေတွေကြောင့် ဖားကန့်ဒေသက ဒေသခံပြည်သူတွေဟာ ကိုယ့်ရဲ့အသက်အန္တရာယ် ထိခိုက်လာကြမှာကို စိုးရိမ်နေကြရပြီး အမြဲ သတိထား သွားလာနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦး၊ဖားကန့်မြို့
“လုံခြုံမှုလည်းမရှိတော့ဘူး အခက်အခဲဒုက္ခရောက်နေတာတွေကို မပြောပြတတ်အောင် ခံစားရပါတယ်။ ဒါကို ဘယ်သူတွေ ဘယ်လိုဖြည့်ပေးကြမလဲမသိ သက်ဆိုင်ရာတွေက အမြန်ဆုံးဖြေရှင်းပေးကောင်းမယ်
ဧပြီလ ၆ ရက်နေ့ကစပြီး ဖားကန့်ဒေသဘက်ကို စစ်တပ်ပူးပေါင်းတပ်တွေရဲ့စစ်ကြောင်းတွေ တစ်ကြောင်းပြီးတစ်ကြောင်း ထိုးတက်လာကြတာဖြစ်ပါတယ်။
စစ်တပ်ပူးပေါင်းတပ်တွေ အများစုက ဖားကန့်ဒေသ လုံးခင်းကျေးရွာနဲ့ မော်စီစာကျေးရွာတွေထဲက နေရာတချို့တွေမှာ နေရာယူ တပ်စွဲထားတဲ့အတွက် အဲဒီအနီးတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ဒေသခံပြည်သူတွေက လုံခြုံရေးအတွက် ကျေးရွာတွေကနေ နီးစပ်ရာလုံခြုံတဲ့နေရာတွေမှာ ယာယီ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၄ ရက်နေ့က ဖားကန့်ဒေသဘက် စစ်ကော်မရှင်စစ်ကြောင်းထိုးလာတဲ့အချိန်ကစပြီး ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြစ်ကြီးနားသတင်းဂျာနယ်က ကောက်ယူထားနိုင်တဲ့စာရင်းအရ စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းဗုံးပစ်ခတ်တာတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ကလေးတွေအပါအဝင် ပြည်သူ ၅၀ ဦးနဲ့အထက် ထိခိုက်သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန် ဖားကန့်ဒေသဟာ စစ်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား တစ်ဖက်နဲ့တစ်ဖက် စစ်ရေးတင်းမာနေတဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။ ဧပြီလ ၂ ရက်နေ့က KIA/KPDF ပူးပေါင်းတပ်တွေက အင်မားယန်ကျေးရွာက စစ်တပ်ရဲ့ကာကင်းစခန်းတချို့ကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား တဖန် တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပြီး သင်္ကြန်ကာလအတွင်းမှာတော့ ခေတ္တရပ်နားခဲ့ပါတယ်။







