လေတပ်ရဲ့ အမိန့်ပေးကွင်းဆက်နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ သက်သေတွေစုဆောင်းနေပြီလို့ IIMM ပြော

1

 

မေ၊ ၁၃

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုယန္တရား (IIMM) က မြန်မာ့လေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို စုဆောင်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲမှု တစ်နှစ်ပြည့်တဲ့အချိန် အဲဒီကိစ္စကို IIMM က ထုတ်ပြောလာတာပါ။

ကလေးငယ်တွေ ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်လို့ IIMM ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေရထားရင် Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ပေးပို့နိုင်သလို [email protected] ကိုလည်း ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆက်သွယ်ပေးပို့လာသူတွေရဲ့ လုံခြုံရေးကို ဦးစားပေးပြီး သူတို့ရဲ့ အချက်အလက်တွေကို အထူးလုံလုံခြုံခြုံသိမ်းထားမှာဖြစ်ပြီး ဆက်သွယ်တဲ့အချိန်မှာလည်း လုံခြုံမှုရှိတဲ့အချိန်မှသာ ဆက်သွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကလေးတွေကို တိုက်ခိုက်တယ်ဆိုတာ အင်မတန်မှ စက်ဆုပ်ဖွယ်ကောင်းပါတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ အကြောက်တရားကင်းကင်းနဲ့ အိပ်စက်ခွင့်၊ ပညာသင်ယူခွင့်၊ ပြေးလွှားဆော့ကစားခွင့် ရှိရမှာပါလို့လည်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

စစ်အုပ်စုဟာ အာဆီယံမူ ၅ ချက်ထဲပါတဲ့ အကြမ်းဖက်မှုတွေရပ်ဖို့ဆိုတဲ့ အချက်ကို မလိုက်နာသလို လက်ရှိအချိန်မှာလည်း ပြည်သူတွေရှိတဲ့နေရာတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here