မေ၊ ၁၈
ကမ္ဘာ့အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံး စားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ဖို့ WFP ကတစ်ဆင့် ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်း ထောက်ပံ့ကူညီလိုက်တဲ့အကြောင်း ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားတာ ဖြစ်ပါတယ်။
မြန်မာမှာ ဖေဖော်ဝါရီလနှောင်းပိုင်းကစလို့ စက်သုံးဆီစျေးနှုန်းတွေ သုံးဆအထိ မြင့်တက်ခဲ့သလို အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာလည်း သိသိသာသာမြင့်တက်လာပြီး ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ စျေးနှုန်းမြင့်တက်မှု အမြင့်ဆုံးဖြစ်တာကို တွေ့ရတယ်လို့ WFP က ဆိုပါတယ်။
“ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပို ပိုပြီး ခက်ခဲလာပါတယ်”လို့ မြန်မာနိုင်ငံက ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ကြီးကြပ်နေတဲ့ Ms. Jessica Chaix က ပြောပါတယ်။
အခု အကျပ်အတည်းဟာ လာမယ့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်နေပြီး မြေဩဇာစျေးနှုန်းတွေ မြင့်တက်နေတာနဲ့ ဝယ်ယူဖို့ အကန့်အသတ်တွေရှိနေတာကြောင့် တောင်သူတွေဟာ မြေဩဇာအသုံးပြုတာကို လျှော့ချနေတယ်လို့ WFP က ဆိုပါတယ်။
မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းရင် နိုင်ငံတစ်ဝန်းက စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်သလို အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတွေ ထပ်မြင့်တက်ပြီး ၂၀၂၇ ခုနှစ်အထိ နိုင်ငံရဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုဆိုးစေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ အခြေခံစားသောက်ကုန်စျေးနှုန်းဟာ တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး မကွေးတိုင်းဟာ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
WFP ကတော့ မြန်မာမှာ ပြည်တွင်းပဋိပက္ခနဲ့ ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှုတွေကြောင့် မြန်မာက လူ ၄ ယောက်မှာ ၁ ယောက်နှုန်းဟာ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲပြီးတဲ့အချိန် အရပ်သားအုပ်ချုပ်သူအဖြစ် အသွင်ပြောင်းပြီး ရက် ၁၀၀ စီမံကိန်းလုပ်နေပေမဲ့ သူတို့ပြောဆိုတဲ့အချက်တွေထဲမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေး ဖောင်းပွမှုကို တည်ငြိမ်အောင်လုပ်မယ်လို့ ပြောဆိုတာတွေမတွေ့ရဘူးလို့လည်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP – Myanmar) က ထောက်ပြထားပါတယ်။
Photo Credit- WFP







