အကြောက်တရားကို ထမ်းပိုးရင်း အမှောင်ထုကို ဖြတ်ကျော်ရတဲ့ ရုန်းကန်မှု

2

 

ထရေဇာ- ရေးသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး အမှာင်ထုကြီးစိုးနေတဲ့ မနက်စောစောအချိန်မှာ သက်လတ်ပိုင်းအရွယ် ဒေါ်ကော့မိုင်တစ်ယောက် တစ်ရက်တာအတွက် တိုက်ပွဲဝင်ဖို့ စတင်ပြင်ဆင်လိုက်ပါတယ်။

အိမ်သူအိမ်သားတွေ မနိုးထခင် မနက် ၂ နာရီအချိန်လောက်မှာ အိပ်ရာကထပြီး သူ့လုပ်ငန်းအတွက် တစ်နေရာကိုသွားရောက်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

သွားလိုတဲ့နေရာကို အချိန်မီရောက်နိုင်ဖို့ အမှောင်ကျနေတဲ့ သန်းခေါင်ယံအချိန် ထသွားရတာဟာ မိန်းမသားတစ်ယောက်အတွက်တော့ မလွယ်ကူလှပါဘူး။

ခေတ်ကာလအခြေအနေအရ နေ့၊ ည အချိန်မရွေး လမ်းမတွေပေါ် ခိုးဆိုးလုယက်မှု ကျူးလွန်ခံနေရတဲ့ အကြောင်းကိစ္စတွေကြောင့် မနက်ခင်းဈေးသည် (မိုးမလင်းဈေးသည်ဟုလည်းခေါ်ဆို)တွေအတွက် သွားလာရေးဟာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

ဒါဟာ ဒေါ်ကော့မိုင်လို မနက်ခင်းဈေးသည်တစ်ဦးအတွက် နေ့စဉ် ဘဝနဲ့လောင်းကြေးထပ်နေရတဲ့ အလုပ်တစ်ခုဖြစ်ပြီး ” အသက်ကိုရင်းပြီး သွားရတယ်။”လို့ ဒေါ်ကော့မိုင်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အကြောက်တရားကို ခဏမေ့လိုက်ပြီး ညနေပိုင်းကတည်းက စနစ်တကျ ထုပ်ပိုးပြင်ဆင်ထားတဲ့ ရာသီပေါ်သီးနှံတွေကို ဆိုင်ကယ်နောက်ဖင်ထိုင်ခုံပေါ်မှာ တန်းထိုးပြီး အသင့်တွဲထားတဲ့ ခြင်းတောင်းထဲထည့်ပြီးတော့ နေ့စဉ်သွားနေကျ လမ်းကြောင်းအတိုင်း ထွက်ခွာပါတယ်။

သူမဟာ ကချင်ပြည်နယ်နယ်၊ မြစ်ကြီနားမြို့၊ မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က ရွာတစ်ရွာမှာ နေထိုင်သူတစ်ဦးပါ။ အိမ်နဲ့သူသွားမယ့် မြစ်ကြီးနားမြို့မဈေးနဲ့ဆိုရင် အချိန်နာရီဝက်လောက် ဆိုင်ကယ်မောင်းနှင်ရပါတယ်။

မြစ်ကြီးနားမြို့မှာ လက်ရှိအချိန် ခိုးဆိုးလုယက်၊ဓားပြတိုက် လူသတ်မှုတွေဟာ နေ့စဉ်လိုလို နေ့ရောညပါ ဖြစ်ပွားနေပါတယ်။ လုံခြုံမှုမရှိသလို အကူအညီတောင်းဖို့တောင် မလွယ်တဲ့အခြေအနေပါ။

သာမန်အိမ်ရှင်မတွေ အတွက်တော့ မနက် ၆ နာရီအချိန်လောက် ဈေးအသင့်သွားဝယ်လို့ ရပေမဲ့ သူတို့လို ဈေးသည်တွေကတော့ အချိန်မီဈေးရောင်းနိုင်ဖို့အရေး လိုအပ်တဲ့ကုန်စိမ်းတွေကို မြစ်ကြီးနားမြို့မဈေးအထိ အရင်သွားရောက်ဝယ်ယူရပါတယ်။

မနက်ခင်းဈေးသည်တွေအတွက်တော့ အန္တရာယ်နဲ့ စားဝတ်နေရေးအကြား ရွေးချယ်စရာ မရှိပါဘူး။

ဈေးသွားရာလမ်းတစ်လျှောက် ရင်တမ,မနဲ့ စိတ်လှုပ်ရှားပြီး ကြောက်စိတ်နဲ့ သွားရတဲ့အပြင် လုယက်မှု သတင်းတွေဟာလည်း မထူးဆန်းတော့သလိုပါပဲ။

ဒေါ်ကော့မိုင်ဟာ အကြောင်းမဲ့ကြောက်ရွံ့နေတာတော့ မဟုတ်ပါဘူး။ ဓားအရှည်နဲ့ထောက်ပြီး လုယက်တာ သူကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လုယက်သူတွေက ဆိုင်ကယ်ကို ရပ်ခိုင်းပြီးတော့ ပါလာတဲ့ငွေကြေးနဲ့ ဝယ်ယူထားတာ တစ်ပတ်လောက်သာ ရှိသေးတဲ့ ဆိုင်ကယ်အသစ်ကိုပါ ဓားပြတိုက်သွားခဲ့တာပါ။

ကြုံဖူးသူတိုင်းသာ ခံစားနိုင်တဲ့ ခံစားချက်မျိုးပါ။ လို့ ဒေါ်ကော့မိုင်က သူ့ရဲ့ ကြောက်စိတ်ကို ပြောပါတယ်။

ဝမ်းရေးအတွက် အလုပ်အကိုင်ရွေးချယ်ရာမှာ လက်ရှိအနေအထားအရ တောဘက်သွားလုပ်ဖို့ အန္တရာယ်များတာကြောင့် မြို့ဘက်ကို ရွေးချယ်လုပ်ကိုင်ပေမဲ့ စိုးရိမ်စိတ်နဲ့ သတိထားလုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

ဘယ်အချိန် ဓားနဲ့ထိုးသွားမလဲဆိုတာ စိုးရိမ်တယ်။ ကိုယ့်ရှေ့မှာ လူစုတာတွေတွေ့ရင် ရှောင်ရတယ်။လို့ ဒေါ်ကော့မိုင်က ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်/ကျေးရွာတွေမှာရောင်းတဲ့ မနက်ခင်းဈေးသည်တွေ မနည်းလှပါဘူး။ သူတို့ဟာ မနက်စောစောထပြီး ဈေးကြီး(မိုးမလင်းဈေး)ထဲက အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို သုံးဘီး ဒါမှမဟုတ် ဆိုင်ကယ်တွေနဲ့ သွားဝယ်ကြပါတယ်။ တစ်ချို့ကတော့ သူတို့ရွာက ထွက်တဲ့ ရာသီပေါ်သီးနှံတွေကိုလည်း ဈေးကြီးမှာ ပြန်လည်ရောင်းချခဲ့ပါတယ်။

မိုးမလင်းဈေးက ဝယ်လာတဲ့ကုန်တွေကို အထုပ်လေးတွေ ပြန်ထုပ်ပြီးတော့ ရပ်ကွက်သူ/သား ရပ်ကွက်သားတွေ ဈေးအထိ သွားဝယ်စရာမလိုအောင် အိမ်ရှေ့အထိ သွားရောင်းချပြီးတော့ ဝန်ဆောင်မှုပေးကြတာပါ။ ဒါ့အပြင် ရွာဈေးတွေမှာ ရောင်းချနေသူတွေကိုလည်း တဆင့်ပြန်ရောင်းပေးလေ့ ရှိပါတယ်။

မြစ်ကြီနားမြို့သူ/သားတွေဆိုရင် သိကြပါတယ်။ မနက်ခင်း ၆ နာရီခွဲဝန်းကျင်မှာ ဆိုင်ကယ်/သုံးဘီး ဈေးသည်တွေရဲ့ အသံကို အိမ်အတွင်းကနေ ကြားရလေ့ရှိပါတယ်။

ဈေးသည် ဆိုတဲ့ အသံနဲ့အတူ အိမ်အရှေ့ထိ ရောက်လာခဲ့တဲ့ မနက်ခင်းဈေးသည်လေးတွေဟာ အသက်အန္တရာယ်ကြားကနေ လာခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။

မနက်ခင်း ဈေးသည်တွေအတွက်တော့ ခိုးဆိုးလုယက်မှုတင်မကဘဲ နောက်ထပ်စိုးရိမ်စရာတစ်ခု ရှိနေပါသေးတယ်။ မြစ်ကြီနားမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဖြစ်ပါတယ်။ အချိန်မရွေးဖမ်းဆီး ပစ်ခတ်ခံရနိုင်တာကြောင့်လည်း အဲဒီအရေးကို တွေးပူရပြန်ပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ နောက်ထပ်ဈေးသည်တစ်ဦးရဲ့ ပြောပြအချက်အရ တချို့ဈေးသည်တွေဆို မနက်စောစော လမ်းခုလတ်မှာ စစ်အုပ်စုတပ်သားတွေရဲ့ ပတ်ကင်းနဲ့တိုးပြီး ခံဝန်ထိုးရတာတွေပါ ရှိတယ်လို့ သိရပါတယ်။

မနက်စောစော မြို့မဈေးသွားချိန် အမျိုးသားကိုပါ အတူခေါ်သွားချင်ပေမဲ့ လက်ရှိကာလ အခြေအနေအရ အမျိုးသားတွေဆိုရင် လမ်းမှာ ပိုစိုးရိမ်ရမလားဆိုတဲ့ ပူပန်မှုတွေကြောင့် သူတစ်ယောက်တည်းပဲ သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီလောက်ကြောက်ရတဲ့အလုပ် မလုပ်နဲ့တော့လို့ ပြောတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တစ်ခြားအလုပ်ပြောင်းဖို့ထိ အစွမ်းအစက မရှိဘူး။လို့ အထက်ပါဈေးသည်က ပြောပါတယ်။

မြို့တွင်းနဲ့ဝေးတဲ့ ရပ်ရွာတွေက အိမ်ရှင်မအများစုကတော့ မနက်ခင်းဈေးသည်တွေဆီက ဝယ်ရတာ အချိန်ကုန် သက်သာစေတယ်လို့ ဆိုပါတယ်။

သူတို့(မနက်ခင်းဈေးသည်)တွေ ဈေးမသွားရင် ကျွန်မတို့က ဘာမှမဝယ်စားတတ်တော့ဘူး။လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးတစ်ခုပါ။ အဲဒီမြို့မှာ အာဏာသိမ်းပြီးနောက် နောက်ပိုင်း ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ပိုမိုဆိုးရွားလာဖြစ်ပြီး လုယက်ခံရချိန်တွေမှာ ရိုက်နှက်ခံရတာ ဓားထိုးခံတာတွေအပြင် လူသေဆုံးတာအထိ ဖြစ်ပွားနေတာပါ။

ဒေသတွင်းက သက်ဆိုင်ရာအာဏာပိုင်တွေကနေ ထိထိရောက်ရောက် အရေးယူဖြေရှင်းတာ မရှိတာကြောင့် တရားဥပဒေ စိုးမိုးမှုမရှိဘဲ လုံခြုံမှုကင်းမဲ့နေပါတယ်။

အခုလို ခေတ်ကာလနိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး ဒုစရိုက်မှုကို လွယ်လင့်တကူ ကျူးလွန်နေတဲ့ ကာလကြီးမှာ ပြည်သူတွေ လုံခြုံစိတ်ချသွားလာနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်နေပါတယ်။

ဆယ်စုနှစ်တစ်ခုအကြာ မနက်ခင်းဈေးသည်အဖြစ် လုပ်ကိုင်လာတဲ့ ဒေါ်ကော့မိုင်ကတော့ အရင်က လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်လာခဲ့ရတဲ့ အချိန်တွေကို သတိရလွမ်းဆွတ်နေမှာကတော့ မလွဲမသွေပါ။

ဒါပေမဲ့လည်း ကိုယ်ကထိန်းချုပ်လို့မရတဲ့ အခြေအနေမှာ မနက်တိုင်းစောစောထပြီး အကြောက်တရား၊ မလုံခြုံမှုတွေကို ထမ်းပိုးရင်း မိသားစုစားဝတ်နေရေးအတွက် အမှောင်ထဲကို ဆိုင်ကယ်တစ်စီးနဲ့ ထွက်နေရမယ့် အခြေအနေကလည်း လက်ရှိအရှိတရားတစ်ခုပါပဲ။

လုံခြုံရေးအရ ဒေါ်ကော့မိုင်ဟု အမည်ပြောင်းလဲသုံးစွဲထားပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here