(ဆောင်းပါး)
စိုင်းခေ- ရေးသည်
သားသမီးတွေ ကြိုက်တဲ့မနက်စာကို မကျွေးနိုင်တော့တဲ့ မိဘတွေရဲ့ သောကဟာ ဘယ်လောက် ပူလောင်မလဲ။ စိတ်ဆင်းရဲစရာကောင်းပေမဲ့ အမှန်တရားတစ်ခုကတော့ ဒီလိုမိဘတွေ မြန်မာနိုင်ငံမှာ များသထက်များလာနေတယ် ဆိုတာပါပဲ။
အသက် ၃၀ ကျော်အရွယ် သားသမီး ၃ ယောက် မိခင် မဆိုင်းအိန်ဟာလည်း အဲဒီလို မိခင်တွေထဲက တစ်ယောက်ပါ။ သူဟာ ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က ရွာတစ်ရွာမှာ နေထိုင်ပါတယ်။
အရင်တုန်းက သားသမီးတွေ ကြိုက်နှစ်သက်တဲ့ ကြက်ဥနဲ့လုပ်တဲ့ ဂျုံမုန့်တွေကို မနက်တိုင်း လုပ်ကျွေးနိုင်ခဲ့ပေမဲ့ အခုတော့ “တစ်လတစ်ခါတောင်မဟုတ်ဘူး။ နှစ်လမှ တစ်ခါလောက်ပဲ” လုပ်ကျွေးနိုင်တော့တယ်လို့ မဆိုင်းအိန်က ပြောပါတယ်။
အဲဒီဂျုံမှုန့်ထုပ်ဟာ အရင် ကျပ် ၂,၅၀၀ ရှိခဲ့တာကနေ အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်း ဈေးတက်လာပြီးတဲ့နောက် အခုအချိန်မှာ ၁၃,၀၀၀ ထိဖြစ်သွားတာကြောင့် မဆိုင်းအိန်အတွက် လက်လှမ်းသိပ်မမှီတော့တဲ့ အခြေအနေထိ ဖြစ်သွားတာပါ။
ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရတော့ မြန်မာနိုင်ငံဟာ အစားအစာမလုံလောက်မှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲပါဝင်ပြီး
လူပေါင်း ၁၂ ဒဿမ ၇ သန်းဟာ အစားအစာရှားပါးမှုနဲ့ ရင်ဆိုင်နေရသလို ၂ ဒဿမ ၈ သန်းကတော့ အစားအစာ အရေးပေါ်လိုအပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲမှာမှ အာဟာရချို့တဲ့မှု ပြဿနာအတွက် အလွန်စိုးရိမ်ရတဲ့ ဒေသတွေထဲမှာ ကချင်ပြည်နယ်လည်း ပါဝင်နေတယ်လို့ FAO အစီရင်ခံစာက ဆိုပါတယ်။
ကချင်ပြည်နယ်က စားသောက်ကုန်အားလုံးနီးပါးဟာ ရန်ကုန်နဲ့ မန္တလေးတိုင်းလို မြို့ကြီးတွေထက် အနည်းဆုံး ဈေးနှုန်း ၂ ဆကနေ အဆပေါင်းများစွာထိ ဈေးမြင့်နေတာဖြစ်ပြီး ရန်ကုန်မှာ တစ်ပိဿာ ကျပ် ၁၈,၀၀၀ ရှိတဲ့ ကြက်သားဟာ မြစ်ကြီးနားမြို့မှာတော့ ကျပ် ၅၅,၀၀၀ ဈေးပေါက်နေတာ ဖြစ်ပါတယ်။
မဆိုင်းအိန်ကတော့ သားသမီးတွေကို မနက်စာကို ဖွယ်ဖွယ်ရာရာမကျွေးနိုင်ပေမဲ့ အသားဟင်းတစ်မျိုးကိုတော့ နေ့တိုင်းချက်ဖြစ်အောင် ချက်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မိသားစု ၅ ယောက်အတွက် ဝယ်ချက်တဲ့ အသားအလေးချိန်က ညမနက်အတွက် အစိတ်သား(၂၅ ကျပ်သား)ပါတဲ့။ သူနေတဲ့မြစ်ကြီးနားမြို့ထဲက နေရာကတော့ ဘာအသားဖြစ်ဖြစ် အစိတ်သားကို ကျပ် ၁၁,၀၀၀ ဈေးပေါက်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ FAO ကတော့ လူတစ်ယောက်ဟာ ပျမ်းမျှအနေနဲ့ တစ်ရက်ကို အနည်းဆုံး အသား ၁၂ ကျပ်သားလောက် စားသင့်တယ်လို့ အကြံပြုထားပါတယ်။
မဆိုင်းအိန်ကတော့ တစ်ရက်ကို အသား အစိတ်သားဝယ်တာတောင် တစ်နေ့မီးဖိုချောင် အသုံးစာရိတ်နဲ့တင် ကျပ် ၃၀,၀၀၀ လောက်ကုန်ကျနေပြီး “ဒါအချွေတာဆုံးပဲ” လို့ ပြောပါတယ်။
သူတို့မိသားစုဟာ အခြေခံလူတန်းစားတွေမဟုတ်ဘဲ တစ်လကို ကျပ် ၁၅ သိန်းဝန်းကျင်လောက် ပုံမှန်ဝင်ငွေရှိနေတဲ့သူတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စတင်ခဲ့တဲ့ ကချင်ထိုးစစ်ကြီး စဖြစ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်နဲ့ ဆက်စပ်နေတဲ့ ကချင်ကုန်သွယ်ရေးဂိတ်တွေလည်း အပိတ်ခံခဲ့ရပြီး အခုနောက်ပိုင်းမှသာ နယ်စပ်ဂိတ်တွေကနေ ပုံစံအမျိုးမျိုးနဲ့ စားသောက်ကုန်တချို့ ပြန်ဝင်လာတာပါ။
ဒါ့အပြင် ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းကိုဆက်ထားတဲ့ ကားလမ်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ပြီး ကုန်ကားတွေ ကွေ့ပတ်သွားနေရတာနဲ့ ပစ္စည်းပြတ်လပ်မှုတွေကြောင့် ကချင်ပြည်နယ်မှာ ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ အခုဆို ၂ နှစ်လောက် ရှိနေပြီလည်း ဖြစ်ပါတယ်။
အခုလို ဈေးတက်နေရတဲ့အထဲ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဖေဖော်ဝါရီ ၂၈ ရက်ကစလိုက်တဲ့ အမေရိကန်- အစ္စရေးနဲ့ အီရန်တိုက်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးကို အများဆုံးခံရတဲ့ ဒေသတွေထဲ ကချင်ဒေသလည်း ပါဝင်လာပါတယ်။
ဒါကြောင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အခြေခံလူတန်းစားတွေ သာမက ပုံမှန်ဝင်ငွေရှိနေတဲ့သူတွေရဲ့ မီးဖိုချောင်တွေကနေပါ ညည်းတွားသံတွေ ပိုထွက်ပေါ်လာနေပါပြီ။
မြစ်ကြီးနားမြို့ပေါ်က ပုံမှန်ဝင်ငွေရှိတဲ့ အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ကိုထွန်းလင်းကတော့ အဲဒီစစ်ပွဲကြောင့် မြစ်ကြီးနားမှာ ဆီဈေးတွေကြီးပြီး အစစအရာရာ ဈေးထပ်တက်သွားတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာတော့ ဓာတ်ဆီတစ်လီတာဟာ ၁၃,၀၀၀ ဈေးပေါက်နေတာပါ။
“ခက်ခဲတယ်ကွာ၊ ဘယ်ဟာမှ လွယ်ကူမနေဘူး။“ လို့ ကိုထွန်းလင်းက ပြောပါတယ်။
သူဟာ မိသားစု ၅ ယောက်ရှိပြီး အခုအချိန်မှာတော့ အိမ်စားရိတ်က တစ်ရက်ကို ကျပ်ငါးသောင်းလောက် ကုန်နေပြီလို့ ဆိုပါတယ်။ ကိုထွန်းလင်းကတော့ တစ်ရက် ကျပ် ၂၀၀၀၀/ ၃၀၀၀၀ ရတဲ့ နေ့စားသမားတွေ “ဘယ်လိုဖြေရှင်းနေလဲမသိဘူး“လို့ မေးခွန်းထုတ်လိုက်ပြီး သူကတော့ “လုံးလည်ချာလည် လိုက်နေတယ်။“လို့ ပြောပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) ကတော့ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခြေခံစားသောက်ကုန်ဈေးတွေ ၁၉ ရာခိုင်နှုန်းလောက် မြင့်တက် သွားတယ်လို့ ဆိုပါတယ်။
ဒီလို စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတဲ့အတွက် စားသုံးသူတွေပဲ ဒုက္ခရောက်တာမဟုတ်ဘဲ ရောင်းချတဲ့သူတွေအတွက်လည်း အခက်အခဲတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။
မြစ်ကြီးနားမြို့ပေါ်က ပွဲရုံလုပ်သက် အနည်းဆုံး နှစ် ၄၀ လောက်ရှိပြီဖြစ်တဲ့ ပွဲစားအမျိုးသမီး တစ်ယောက်ကတော့ “နှစ်တိုင်းပွဲရုံလုပ်လာတာ။ ဒီနောက်ပိုင်းမှာတော့ ကိုယ်တိုင် လက်လီထိုင်ရောင်း နေရပြီ။“လို့ ပြောပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အသီးအနှံဈေးတွေလည်း မြင့်တက်ပြီး အမြတ်ကျန်ဖို့ အားစိုက်ရောင်းနေရသလို “ကိုယ်သာ ဝယ်သူနေရာမှာဆို ဈေးကြီးလို့ ဝယ်စားဖြစ်မယ် မထင်ဘူး။“လို့လည်း သူက လက်ရှိအခြေအနေကို ပြောပါတယ်။
WFP ကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီသာမက မြေဩဇာစျေးနှုန်းတွေ တက်လာတာဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ မြန်မာနိုင်ငံအတွက်တော့ အဆိုးဆုံးအချိန်မှာ အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားမယ်ဆိုရင် ထွက်နှုန်းကလည်း ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားမှာဖြစ်ပြီး ဆန်ဈေးတွေ တက်လာနိုင်တာကြောင့် နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် ပိုစိုးရိမ်စရာ ဖြစ်လာတယ်လို့ WFP က ထောက်ပြထားပါတယ်။
မဆိုင်းအိန်ကလည်း သူတို့စားနေတဲ့ဆန်ဟာ ဒီလပိုင်းထဲ တစ်အိတ်ကို ကျပ် ၉၀,၀၀၀ ကနေ ကျပ် ၁၃၀,၀၀၀ ထိ မြင့်တက်သွားတယ်လို့ ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ ဒီထက်ကြီးလာရင်တော့ “ငါတို့တွေ အရမ်းပိုပြီးမှ ခက်ခဲသွားမယ်။“ လို့ပြောတဲ့အပြင် “ငါတို့ငတ်ဖို့ပဲရှိတယ်။“ လို့လည်း သူက ပြောပါတယ်။
အဲဒီနောက် တဟားဟားရယ်မောရင်း မဆိုင်းအိန်ဆက်ပြောလာတာကတော့ “ဘယ်လိုမျိုးဖြတ်ကျော် နေတာလဲ ဆိုတာတောင် မသိတော့ဘူး။ ဘုရားရှိလို့ပဲ ငါတို့ကို ကျွေးထားတယ်လို့ ခံယူလိုက်တယ်“ တဲ့။
——————-
လုံခြုံရေး အခက်အခဲကြောင့် နာမည်ပြောင်း(အမည်လွှဲ) လဲသုံးစွဲထားပါသည်။







