ရေးသူ – စိုင်းခေ
“ဘောလုံးကန်တာဟာ ပြစ်မှုမြောက်တယ်”။ အခုအချိန်မှာတော့ အဲဒီလိုပြောလိုက်ရင် ပြောတဲ့သူကို ဆွမ်းကြီးလောင်းဖို့ ကမ္ဘာ့ဖလားအားပေးနေတဲ့ လူအုပ်ကြီးက အဆင်သင့်ရှိနေပါပြီ။
အခုခေတ်မှာတော့ ဘောလုံးကန်တာဟာ ပြစ်မှုမဟုတ်ပေမဲ့ အင်္ဂလန်မှာတော့ ၁၄ ရာစု၊ ၁၅ ရာစု တုန်းက ဒါဟာ တားမြစ်ခံခဲ့ရတဲ့ ကစားနည်းပါ။
အဲဒီတုန်းက ဘောလုံးကန်တယ်ဆိုတာက ဒီဘက်ခေတ်လိုမဟုတ်ဘဲ ဘောလုံးကွင်းတွေ မရှိသလို စည်းကမ်းတွေလည်း မသတ်မှတ်ရသေးပါဘူး။
ဥပမာ တစ်ရွာနဲ့တစ်ရွာ၊ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် လူအုပ်လိုက်ကန်တာမျိုးဖြစ်ပြီး လမ်းတလျှောက်မှာလည်း ဘောလုံးကို ပုံစံအမျိုးအမျိုးနဲ့ ကန်ကြ၊ သယ်ကြပြီး တစ်ဖက်ရွာ၊ ရပ်ကွက်က သတ်မှတ်ထားတဲ့နေရာကို ဂိုးသွင်းကြတာပါတဲ့။
လမ်းတလျှောက် ဘောလုံးကန်ကြတဲ့အချိန် အိမ်တွေ၊ ဆိုင်တွေပျက်စီးတာကနေ အဆိုးဆုံးက လူသေဆုံးမှုတွေထိပါဖြစ်ပြီး တခါတလေ ဘောလုံးပွဲပြီးရင် စုစုပေါင်းဂိုးရလဒ်ထက် သေတဲ့သူက ပိုများပါသတဲ့။
ဒါကြောင့် အဲဒီခေတ်က အုပ်ချုပ်သူတချို့ဟာ ဘောလုံးကန်တာကို တားမြစ်တာ၊ ဥပဒေထုတ်တာနဲ့ ကန်တဲ့သူတွေကို အပြစ်ပေးတာမျိုးတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။
၁၃၁၄ ခုနှစ်တုန်းက အက်ဒဝပ် (II) နာမည်နဲ့ ကြေညာခဲ့တဲ့ ဥပဒေတစ်ခုမှာတော့ “အများပြည်သူဆိုင်ရာ ကွင်းပြင်တွေမှာ ဘောလုံးကြီးတွေနဲ့ ကစားတာကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုတွေကတဆင့် မြို့တော်ထဲမှာ ကြီးမားတဲ့ ဆူပူမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ဆိုးကျိုးအများအပြား ပေါ်လာနိုင်တယ်။” လို့ ရှုတ်ချထားပါတယ်။
နောက် ၁၄၇၇ ခုနှစ်က အက်ဒဝပ် (IV) ရဲ့ ဥပဒေတစ်ခုကို ကြည့်မယ်ဆိုရင်လည်း “ဘယ်သူမှ အန်စာတုံး၊ ကွင်းပစ်၊ ဘောလုံး စတဲ့တရားမဝင်တဲ့ကစားနည်းတွေကို မပြုလုပ်ရပါဘူး။
ဒါပေမဲ့ ခန္ဓာကိုယ် ကြံ့ခိုင်သူတိုင်း မြားပစ်တာကို လေ့ကျင့်ရမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးဟာ အဲဒီမြားပစ်သမားတွေပေါ်မှာ မူတည်နေတာကြောင့်ပဲ။” လို့ ဖော်ပြထားပါတယ်။
တရားရုံးမှတ်တမ်းတွေအရလည်း ဘောလုံးကန်တဲ့သူတွေကို ငွေဒဏ်ဆောင်ခိုင်းတာနဲ့ အပြစ်ပေးတာမျိုးတွေအထိ လုပ်ခဲ့ပါသတဲ့။ ဒီနေ့ဆောင်းပါးမှာတော့ အဲဒီလို သမိုင်းကြောင်းတွေရှိခဲ့တဲ့ ဒေသတချို့က ဘောလုံးရဲ့ သမိုင်းဦးနဲ့ အခုခေတ်ဘောလုံးပွဲတွေ ဘယ်လိုဖြစ်လာသလဲဆိုတာကို လေ့လာကြည့်သွားပါမယ်။
- ဘောလုံးသမိုင်း
ကမ္ဘာ့ဘောလုံးသမိုင်းကို ကြည့်ရမယ်ဆိုရင်တော့ ပထမဆုံး မပြောမဖြစ် စပြောရမှာက အခုခေတ် မက္ကဆီကိုနိုင်ငံရှိတဲ့ ဒေသက Olmec လူမျိုးတွေအကြောင်းပါပဲ။ Olmec ယဉ်ကျေးမှုဟာ ဘီစီ ၁၂၀၀ လောက်ကနေ ဘီစီ ၄၀၀ လောက်ထိ မြို့ပြနိုင်ငံအဖြစ်ပေါ်ပေါက်ခဲ့တဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
သမိုင်းအထောက်အထားတွေအရ သူတို့ဟာ ဘီစီ ၁၅၀၀ လောက်ကတည်းက ဘောလုံးထုတ်လုပ် နိုင်ခဲ့တယ်ဆိုပေမဲ့ ဘီစီ ၁၂၀၀ လောက်မှသာ ရာဘာဘောလုံးတွေကို စည်းနဲ့ကမ်းနဲ့ ဆော့ကစားခဲ့ကြတယ်လို့ ကောက်ချချခဲ့ကြပါတယ်။
အဲဒီလိုဘောလုံးကစားတာဟာလည်း ရိုးရာဓလေ့အရ ဘာသာရေးပွဲတော်တွေမှာ ကစားခဲ့ကြတာလို့ တွက်ချက်ထားကြပါတယ်။ အခုအချိန်မှာ သူတို့ရဲ့ ဘောလုံးကွင်းပေါင်း ၁၀၀၀ ကျော်ကို တူးဖော် တွေ့ရှိထားပါပြီ။
ကမ္ဘာပေါ်မှာ အဲဒီတုန်းက Olmec နေထိုင်တဲ့နေရာမှာပဲ ရော်ဘာပင်တွေရှိခဲ့ပြီး ကံကောင်းတာက သူတို့ဟာ ရော်ဘာကို ဘယ်လိုထုတ်လုပ် အသုံးချရမလဲဆိုတာကိုပါသိပြီး ကမ္ဘာ့ပထမဆုံး ရော်ဘာဘောလုံးကို တီထွင်ကစားခဲ့ကြသူတွေ ဖြစ်ခဲ့တာပါ။
အဲဒီဒေသမှာပဲ Olmec တွေသာမက သူတို့ရဲ့နောက်မှ ယဉ်ကျေးမှုထွန်းကားလာတဲ့ မာယာ(Maya)ယဉ်ကျေးမှုကနေစလို့ ၁၆ ရာစုမှာ စပိန်တွေကြောင့်ပျက်သုဉ်းခဲ့တဲ့ အက်ဇတက် (Aztec) ယဉ်ကျေးမှုအထိ ရာဘာဘော်လုံးတွေနဲ့ကစားပြီး ပူဇော်ပွဲတွေ လုပ်ခဲ့ကြပါတယ်။
ရာဘာဘော်လုံးတွေပေါ်ခဲ့တဲ့ အမေရိကတိုက်ကိုထားပြီး ကမ္ဘာ့အရှေ့ခြမ်းကိုကြည့်မယ်ဆိုရင်တော့ ဘီစီ ၂၀၀ လောက်ကနေစပြီး တရုတ်နိုင်ငံမှာ Cuju လို့ခေါ်တဲ့ ကစားနည်းကို တွင်တွင်ကျယ်ကျယ် ကစားခဲ့ကြပါတယ်။
အဲဒီကစားနည်းကိုတော့ အမွေးအမျှင်တွေ ဒါမှမဟုတ် ငှက်မွှေးတွေနဲ့ တချို့မှတ်တမ်းတွေအရ လျှော်နဲ့လုပ်တဲ့ ချုပ်ရိုးပါတဲ့ဘောလုံးတွေနဲ့ ကစားခဲ့ကြတာလို့ ဆိုပါတယ်။ ကွင်းတစ်ခုရဲ့ နှစ်ဖက်အစွန်းမှာ ဂိုးတိုင်တွေရှိပြီး အသင်း ၂ သင်း ယှဉ်ပြိုင်ကြတာပါ။
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း မြေကြီးပေါ်မှာကန်ရတာကနေ လေထဲမှာ ကစားတဲ့ပုံစံ (ခြင်းခတ်တဲ့ပုံစံ) ပြောင်းလာပြီးတဲ့နောက် မင်မင်းဆက်(အေဒီ ၁၃၆၈-၁၆၄၄) လက်ထက်မှာ ပျောက်ကွယ် သွားခဲ့ပါတယ်။
ဂျပန်ယဉ်ကျေးမှုကို လှမ်းကြည့်မယ်ဆိုရင်လည်း Kemari လို့ခေါ်တဲ့ ကစားနည်းကို ဘီစီ ၆ ရာစု လောက်ကတည်းက ကစားခဲ့ကြတာလို့ ဂျပန်အမျိုးသားရေးသမိုင်းပညာရှင်တွေက ပြောကြပါတယ်။
ဒါပေမဲ့ အဲဒီကစားနည်းနဲ့ပတ်သက်ပြီး အစောဆုံးမှတ်တမ်းကတော့ ၁၂ ရာစုလောက်မှ ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကစားပုံကတော့ တရုတ်တွေရဲ့ Cuju ပုံစံနဲ့ဆက်စပ်နေပြီး ထောင့်တွေမှာ သစ်ပင်လေးပင် စိုက်ထားတဲ့ လေးထောင့်ပုံ ကစားကွင်းထဲမှာ ကစားခဲ့ကြတာပါ။ ကစားသမား ၈ ယောက်ဟာ ကွင်းထဲဝင်ပြီး သစ်ပင်တစ်ခုစီမှာ ၂ ယောက်ဆီခွဲရပ်၊ လေထဲပင့်ကန်ပြီး ကစားခဲ့ကြတာလို့ဆိုပါတယ်။ ဘောလုံးဟာ ပေါ့ပါးပြီး သမင်သားရေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။
ဂျပန်တွေရဲ့ အဲဒီကစားနည်းဟာ ၁၉ ရာစုအထိ ဂျပန်အနုပညာနဲ့ စာပေတွေမှာ ဆက်ပါနေပေမဲ့ စက်မှုထွန်းကားတဲ့ ၁၉ ရာစုနှောင်းပိုင်းမှာတော့ တဖြည်းဖြည်းပျောက်ကွယ်လာပြီး ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ပျောက်ကွယ်လုပ်နီးပါးထိ ဖြစ်သွားခဲ့ပါတယ်။
ကမ္ဘာ့အရှေ့ခြမ်းကနေ ဥရောပတိုက်ဘက်ကိုသွားကြည့်မယ်ဆိုရင်လည်း ဂရိယဉ်ကျေးမှုမှာ ဘောလုံးကစားနည်းဆိုတာ ရှိခဲ့ပါတယ်။
ဂန္ထဝင် ကဗျာတစ်ပုဒ်ဖြစ်တဲ့ ဟိုးမာရဲ့ The Odyssey မှာဆိုရင် ဇာတ်ကောင် Odysseus ဟာ ဖိုနီးရှားလူမျိုးတွေနဲ့ တွေ့ဆုံချိန် ဘောလုံးကစားတဲ့အကြောင်းပါတာကို ဖော်ပြထားပါတယ်။
အဲဒီကဗျာထဲမှာ သင်္ဘောပျက်တာကနေ လွတ်မြောက်လာတဲ့ သူရဲကောင်းဟာ ဘောလုံးကစားနေတဲ့ နန်းတွင်းအစေခံ မိန်းကလေးတွေရဲ့ အော်ဟစ်သံကြောင့် နိုးလာတယ်လို့ ဆိုထားပါတယ်။
ဂရိကနေလွန်ပြီး ရောမခေတ်ကိုကြည့်မယ်ဆိုရင်လည်း ဘောလုံးကစားနည်းတွေ ရှိခဲ့ပေမဲ့ ရောမတွေရဲ့ လူသတ်ပွဲတွေ၊ မြင်းလှည်းပြိုင်ပွဲတွေလောက် ခေတ်မစားခဲ့ပါဘူး။
- အခုခေတ်ဘောလုံးပွဲတွေပေါ်လာပုံ
ဘောလုံးကစားနည်းဟာ ကမ္ဘာ့ယဉ်ကျေးမှုအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးရှိခဲ့ပေမဲ့ အခုခေတ် ဘောလုံးပွဲတွေ စဖြစ်လာတာကတော့ အင်္ဂလန်ကျွန်းကနေစခဲ့တာ ဖြစ်ပါတယ်။ စဖြစ်လာပုံကလည်း ပညာရေးပြုပြင်ပြောင်းလဲရာကနေ စခဲ့တာပါတဲ့။
ဆောင်းပါးရဲ့ အစမှာ ပြောခဲ့သလိုပဲ ၁၄ ရာစု၊ ၁၅ ရာစုတွေတုန်းက အင်္ဂလန်မှာ ဘောလုံး ကစားနည်းကို ဥပဒေအရ ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘောလုံးကစားနည်းဟာ ပျောက်ကွယ် မသွားဘဲ ၁၈ ရာစုနှောင်းပိုင်း ဒါမှမဟုတ် ၁၉ ရာစုအစောပိုင်းမှာတော့ ဒါဟာ ကျောင်းသားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားနည်းတွေထဲက တစ်ခု ဖြစ်လာပါတယ်။
အဲဒီတုန်းက အစိုးရကျောင်းတွေဟာ လူချမ်းသာသားသမီးတွေသာ တက်နိုင်တဲ့ကျောင်းတွေဖြစ်ပြီး ကျောင်းသားတွေဟာလည်း ဒေသခံတွေနဲ့ရန်ဖြစ်တာ၊ အလုပ်သမားတွေနဲ့ ရန်ဖြစ်တာတွေကအစ ကျောင်းကို သိမ်းပိုက်တဲ့အထိ ကြမ်းတမ်းကြပါတယ်။
အဲဒီလို ကြမ်းတမ်းမှုနဲ့အတူ ဒေသခံတွေရဲ့ ကြမ်းကြမ်းရမ်းရမ်းဆော့ကြတဲ့ ဘောလုံးကစားနည်း ဟာလည်း သူတို့အတွက် အကြိုက်တွေ့စရာပါ။ အစိုးရက ဘောလုံးဆော့နည်းကိုအပြင်မှာ ဖိနှိပ်တာနဲ့ ခရစ်ကတ်ပွဲ၊ မြင်းပွဲ စတာတွေကြောင့် အင်္ဂလန်မှာခေတ်မစားတဲ့ ဘောလုံးဟာ အဲဒီခေတ်က ကျောင်းသားတွေကြောင့် အခုခေတ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်လာတာလည်း ဖြစ်ပါတယ်။
၁၉ ရာစုအစောပိုင်းမှာတော့ အစိုးရကျောင်းတွေဟာ သူတို့ရဲ့ကိုယ်ပိုင် ဘောလုံးကစားနည်း အမျိုးမျိုးကို ဖန်တီးခဲ့ကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားနည်းတွေ မတူကြပါဘူး။ လက်နဲ့ဖမ်းပြီး ကစားရတာကလည်း တရားဝင်သလို ခြေသလုံးကို ဖြတ်ကန်တာကလည်း တရားဝင်ခဲ့တာပါ။
အဲဒီလိုကနေ ကျောင်းသားတွေဟာ ရန်ဖြစ်လွန်းပြီး ရက်စက်ကြမ်းတမ်းလာတာကြောင့် သူတို့ကိုယဉ်ကျေးအောင် လုပ်ကြမယ်ဆိုပြီး ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်တာကနေ အားကစားကဏ္ဍကို ပညာရေးမှာ ထည့်သွင်းခဲ့ကြတာပါ။
အဲဒီလို အားကစားကဏ္ဍပါဝင်လာတဲ့အချိန်မှာတော့ ဘောလုံးကစားနည်းဟာလည်း မပါမဖြစ်ပါ။၁၉ ရာစု အလယ်ပိုင်းကို ရောက်တဲ့အခါမှာတော့ အားကစားဆိုင်ရာ ကျင့်ဝတ်တွေဟာ ဗြိတိသျှ အစိုးရကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းနဲ့ အခြေခံမူဝါဒတွေရဲ့ ဗဟိုချက်မဖြစ်လာခဲ့ပါတယ်။
ဘောလုံးကစားနည်းစည်းမျဉ်းတွေကို ပထမဆုံးအကြိမ် စာနဲ့ထုတ်ခဲ့တာကတော့ Rugby ကျောင်းကဖြစ်ပြီး ၁၈၄၅ ခုနှစ်မှာ ဖြစ်ပါတယ်။ ၁၈၅၀ ပြည့်လွန်နှစ်တွေမှာတော့ တခြားကျောင်းတွေကလည်း အဲဒီလိုပဲ လိုက်လုပ်ဆောင်ခဲ့ကြပါတယ်။
၁၈၆၃ ခုနှစ် နိုဝင်ဘာလမှာတော့ လန်ဒန်မြို့လယ်မှာ အစည်းအဝေးတစ်ခုလုပ်ပြီး လန်ဒန်ဧရိယာက ကျောင်းသားဟောင်းတွေရဲ့ အသင်း ၁၁ သင်းက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ ဘောလုံးစည်းမျဉ်းတွေကို တစ်ခုထဲဖြစ်အောင်ကြိုးပမ်းခဲ့ကြပေမဲ့ အဆင်မပြေခဲ့ပါဘူး။
အစည်းအဝေး အစပိုင်းမှာ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမပြေတာက ဘောလုံးကို ကိုင်ပြေးချင်တဲ့ လူတွေကတစ်ဖက်၊ ခြေထောက်နဲ့ကန်ချင်တဲ့သူတွေကတစ်ဖက်ဖြစ်နေတာကြောင့်ပါ။ နောက်တစ်ချက်က ဘောလုံးဆွဲပြေးလာတဲ့ ခြေထောက်ကို ဖြတ်ကန်ခွင့်ပေးတဲ့ဘက်နဲ့ ကန်ခွင့်မပေးတဲ့ ဘက်ဆိုပြီး အဖွဲ့တွေ ကွဲကုန်လို့ပါတဲ့။
ဒါပေမဲ့ အဲဒီနှစ်မှာပဲ The Football Association (FA) ဆိုတဲ့အဖွဲ့ကို ကျောင်းသားဟောင်းတွေရဲ့ အသင်းတွေ စုပေါင်းပြီး အရက်ဆိုင်တစ်ဆိုင်မှာ စဖွဲ့ပြီး စည်းမျဉ်းတွေချခဲ့ပါတယ်။ ဒါပေမဲ့လည်း FA ရဲ့ စည်းမျဉ်းတွေကို အသင်းတိုင်းက လိုက်နာခဲ့ကြတာ မဟုတ်ပါဘူး။
အဖွဲ့ထောင်ပြီး ၈ နှစ်အကြာမှာတော့ FA အတွင်းရေးမှူးလည်းဖြစ် Harrow ကျောင်းသားဟောင်းလည်းဖြစ်တဲ့ C. W. Alcock ဟာ သူတို့ကျောင်းမှာ အသင်းတွေခွဲပြီး ဖလားလုခဲ့သလို ပုံစံမျိုး လုပ်မယ်လို့ စိတ်ကူးရခဲ့ပါတယ်။အဲဒီလိုနဲ့ ၁၈၇၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ အဖွဲ့ချုပ်နဲ့ ချိတ်ဆက်ပြီး စိန်ခေါ်မှုဖလားပြိုင်ပွဲဝင်ဖို့ အသင်းတွေကို ဖိတ်ခေါ်လိုက်ပါတယ်။
အဲဒီပထမဆုံး FA ဖလားအတွက် အသင်း ၅၀ လောက် အရည်အချင်းမီပေမဲ့ ၁၅ သင်းလောက်ပဲ ဝင်ပြိုင်ခဲ့ကြပါတယ်။ အဲဒီပွဲမှာတော့ Harrow ကျောင်းသားဟောင်းအသင်းဖြစ်တဲ့ Wanderers အသင်းဟာ Crystal Palace ကိုနိုင်ပြီး ဗိုလ်လုပွဲတက်လာတဲ့ Royal Engineers အသင်းကို အနိုင်ရခဲ့ပါတယ်။
FA ရဲ့ ပထမဆုံးဖလားကို စတင်နိုင်ခဲ့ပေမဲ့ ဒါဟာ အခုခေတ်ဘောလုံးကစားနည်းတွေအတိုင်း မဟုတ်သေးပါဘူး။ အဲဒီတုန်းက ဘောလုံးကွင်းတွေဟာတော်တော်လေးကျယ်ပြီး အနံ ၉၁ မီတာ၊ အလျား ၁၈၂ မီတာ ဖြစ်ပါတယ်။ အခုခေတ်ကတော့ အနံ ၆၈ မီတာ၊ အလျား ၁၀၅ မီတာပါ။
ဒါ့အပြင် အဲဒီတုန်းက ကစားကွက်ဟာလည်း အနောက်မှာ ၂ ယောက်၊ အလယ်မှာ ၁ ယောက်နဲ့ အရှေ့မှာ ၇ ယောက်ထားတဲ့ပုံစံပါ။ ဘောလုံးကိုလည်း တစ်ယောက်ထဲကပဲ ဆွဲယူပြေးပြီး တစ်ဖက်ဂိုးပေါက်ကို ကန်သွင်းကြတာဖြစ်ပါတယ်။ အကြောင်းက ဘောလုံးကို အသင်းထဲက တခြားလူကိုပေးမိရင် သိက္ခာကျလို့ပါတဲ့ ခင်ဗျာ။
ကြားရရင် အံ့ဩစရာကောင်းမှာကတော့ FA ဖလားတွေစလုပ်တုန်းက အပေါ်မှာ ဂိုးတိုင်ဘား မပါခဲ့ပါဘူး။ ကြိုးပဲ ချည်ထားခဲ့ကြတာပါတဲ့။ ကြိုးချည်တာကလည်း ဘောလုံးပွဲတစ်ခုမှာ ဂိုးတိုင်နှစ်ခုရဲ့ကြား အမြင့်ပေ ၁၀၀ လောက်ကနေ ဘောလုံးဖြတ်သွားတာကြောင့် ဂိုးပေးခဲ့ရပါတယ်။ ဒါကို FA အဖွဲ့ဝင်တွေမြင်ပြီး ဂိုးတိုင်နှစ်ခုကြား စည်းတားရမယ်ဆိုတာကို သတိပြုမိသွားလို့ ကြိုးချည်ခဲ့တာပါတဲ့။ ဂိုးတိုင်မှာ အပေါ်ဘားတွေပါလာခဲ့တာကတော့ ၁၈၈၂ ခုနှစ်မှဖြစ်ပြီး ပိုက်ကွန်တွေ ပါလာခဲ့တာကတော့ ၁၈၉၂ ခုနှစ်မှ ဖြစ်ပါတယ်။
ကွင်းနယ်နမိတ်သတ်မှတ်ပြီး စည်းတားတာနဲ့ အလယ်မျဉ်းထည့်တာကလည်း ၁၈၈၂ ခုနှစ်မှ ပေါ်လာတာဖြစ်ပြီး ၁၂ ကိုက် ပင်နတီမျဉ်းကတော့ ၁၈၈၇ ခုနှစ်ရောက်မှဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် (ဒိုင်ချုပ်) ကိုထည့်သွင်းတာကလည်း ၁၈၇၀ ကျော်မှဖြစ်ပြီး သူ့ကိုဒိုင်ချုပ်အဖြစ်သတ်မှတ်တာကတော့ ၁၈၈၁ ခုနှစ်ရောက်မှ FA စည်းမျဉ်းမှာ ပါခဲ့တာပါ။
အဲဒီလိုနဲ့ ဘောလုံးစဉ်းမျဉ်းတွေ တဖြည်းဖြည်းပြောင်းလာပြီး အခုခေတ်ဘောလုံးပွဲတွေ ဖြစ်လာခဲ့တာပါပဲ။FA ဖလားဟာ ၁၈၇၁ မှာစပေါ်ခဲ့ပေမဲ့ အခုပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားကတော့ ၁၉၃၀ ခုနှစ်မှ စပေါ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းက ၁၉၀၄ ခုနှစ်မှာစဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးဆောင်မှုကြောင့်ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာကျင်းပတဲ့ ကမ္ဘာ့ဖလားကတော့ ၂၃ ကြိမ်မြောက်ဖြစ်ပြီး ထူးခြားချက်ကတော့ ၃ နိုင်ငံပူးတွဲကျင်းပတာဖြစ်သလို အရင်ပြိုင်ပွဲတွေထက် အသင်းရေပိုများပြီး ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။
ဆောင်းပါးကလည်း ရှည်နေပြီဖြစ်တာကြောင့် အခု ဆောင်းပါးကိုအနှစ်ချုပ်ပါတော့မယ်။ ရှေးခေတ် Olmec လူမျိုးတွေကနေ ဒီနေ့ခေတ်ရဲ့ အကြီးဆုံးပွဲတော်ကြီးဖြစ်လာတဲ့အထိ ဘောလုံးကစားပွဲဟာ လူသားအချင်းချင်းကြား ပေါင်းကူးဆက်သွယ်ပေးသလို နည်းစနစ်တွေနဲ့ သမိုင်းတွေဟာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။
အခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဟာလည်း ဘောလုံးသမိုင်းကို ဆက်ရေးထိုးနေဦးမှာပါ။ တစ်ခုရှိတာကတော့ ဒီနှစ်ကမ္ဘာ့ဖလားဟာ ပြောင်းဖူးမွှေးကေနဲ့လူ သမ္မတလုပ်နေတဲ့ နိုင်ငံမှာတော့ ကစားသမားတွေကို ဝင်ခွင့်အတွက် တင်းကျပ်နေတာပါပဲ။ ဒါဟာလည်း သမိုင်းစာမျက်နှာတွေပေါ်မှာ ကျန်နေမယ့် အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
ကိုးကား – The Ball is Round by David Goldblatt (Type – Book/ 2006)/ Foul Play: When London Banned Football by James FitzGerald (Type – Feature/ Londonist)






