ဇွန်၊၁၅
မြစ်ကြီးနားခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ခတွေ ဈေးနှစ်ဆအထိ ဈေးတင်ရောင်းချမှုတွေ များလာပြီးနောက် ဈေးတင်ရောင်းတဲ့ ဘယ်သူကိုမဆို အရေးယူသွားမယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောလိုက်ပါတယ်။
လေယာဉ်လက်မှတ်ခနှုန်းတွေကို ပုံမှန်ပေါက်ဈေးထက် နှစ်ဆခန့်အထိ အဆမတန် ဈေးကြီးပေးဝယ်ယူနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီးနောက်၊ သတ်မှတ်ဈေးထက် ပိုမိုရောင်းချတဲ့သူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ့်အကြောင်း မြန်မာ့အလင်းသတင်းစာနေ ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြထားတာပါ။
သတ်မှတ်ဈေးနှုန်းထက် ပိုပြီးဝယ်ယူခဲ့ရင် ခရီးသည်အမည်၊ ခရီးစဉ်အချက်အလက်၊ လက်မှတ်ဝယ်ယူခဲ့တဲ့ ရက်စွဲ၊ Booking PNR (သို့) Ticket အမှတ်၊ဝယ်ယူခဲ့တဲ့ Agent အမည်၊ ဝယ်ယူခဲ့ရတဲ့ ဈေးနှုန်း၊ ငွေပေးချေခဲ့တဲ့ အထောက်အထား(ဖြတ်ပိုင်း)တွေနဲ့ သက်ဆိုင်ရာလေကြောင်းလိုင်းတွေကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အရေးယူမယ်လို့ ထုတ်ပြန်အပြီး လက်ရှိ မြစ်ကြီးနား-ရန်ကုန် လေယာဉ် လက်မှတ်မှာ ကျပ် ၈ သိန်း နဲ့ ၉ သိန်းကြားနဲ့ မြစ်ကြီးနား- မန္တလေး လေယာဉ်လက်မှတ်ခမှာ ကျပ် ၆ သိန်းနဲ့ ၇သိန်းကြားမှာ ရှိနေတယ်လို့ လေယာဉ်လက်မှတ်ရောင်းတဲ့သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ကုန်းလမ်းခရီးစဉ်တွေ သွားလာရခက်ခဲနေတာတွေကြောင့် ခရီးသွားပြည်သူအများစုက လေကြောင်းခရီးစဉ်တွေကိုသာ အဓိကအားထားနေရပြီး အဲဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ တစ်ချို့က လက်မှတ်မှောင်ခိုဈေးကွက်ကနေ ဈေးနှုန်းတွေကို သိသိသာသာ တင်ရောင်းနေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ထုတ်ပြန်ကြေညာချက်ကြောင့် လေယာဉ်လက်မှတ်ဈေးနှုန်းတွေ ကျသွားပေမဲ့ လေယာဉ်လက်မှတ် ဝယ်ယူရခက်ခဲနေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုအချိန်ထိတော့ ဝယ်ရခက်နေသေးတယ်။ စီးမယ့်လူက များပေမဲ့ လေယာဉ်က တစ်စီးပဲရှိနေတာ။ အဲဒီလိုဖြစ်နေတယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ခရီးသွားလိုသူတွေ များပြားနေပေမဲ့ မြစ်ကြီးနားလေဆိပ်ကနေ တစ်ရက်တစ်စီးသာ ပြေးဆွဲနေတာကြောင့် လက်မှတ်တွေဝယ်ယူရ ခက်ခဲနေတာပါ။
မြစ်ကြီးနား-ရန်ကုန် နဲ့ မြစ်ကြီးနား-မန္တလေး လေယာဉ်ခရီးစဉ်တွေအတွက် ပုံမှန်လက်မှတ်ခဟာ ကျပ် ၉ သိန်းကနေ ၁၀ သိန်းဝန်းကျင်သာ ရှိနေပေမဲ့ ပြင်ပမှောင်ခိုဈေးကွက်နဲ့ တချို့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေမှာ ကျပ် ၁၄ သိန်းကနေ ကျပ်သိန်း၂၀ အထိ ပေးဝယ်နေရတာလို့ မြို့ခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကနေ့ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ် ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရတဲ့အတွက် မြစ်ကြီးနား လေဆိပ်ရဲ့ လေကြောင်းခရီးတွေကို ၃ လ နီးပါး ပိတ်ထားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အစ္စရေး၊ အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ခိုက်မှုတွေဖြစ်ပေါ် ခဲ့တာကြောင့် ကမ္ဘာ့အရှေ့ပိုင်းမှာ စက်သုံးဆီအခက်အခဲတွေ ဖြစ်ပေါပြီး ပြည်တွင်း လေကြောင်းလိုင်းခရီးစဉ်တွေကို ခေတ္တရပ်နားခဲ့ရပါသေးတယ်။
အဲဒီနောက် ဧပြီလ ၅ ရက်နေ့ကစပြီး မြစ်ကြီးနားလေဆိပ်ကို လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။






