စက်တင်ဘာ၊ ၉
စစ်အုပ်စုက သတ်မှတ်ထားတဲ့ စုံ/မ ရက်အလိုက် ကားမောင်းနှင်ရတဲ့ စနစ်ကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ စက်သုံးဆီ ချွေတာရေးအတွက်ဆိုပြီး စစ်အုပ်စုဟာ မော်တော်ယာဉ်သုံးစွဲမှုအတွက် စုံ/မ စနစ်ကို ၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်ကနေ စတင် ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
အဲဒီစနစ်ကို ၆ လကျော် ကျင့်သုံးပြီးတဲ့နောက် စက်သုံးဆီသုံးစွဲမှုဟာ ပုံမှန် တည်ငြိမ်တဲ့အခြေအနေကို ရောက်ရှိလာတာကြောင့်ဆိုပြီး ဒီနေ့မှာ ပြန်ဖျက်သိမ်းလိုက်တာပါ။
အဲဒီလို စုံ/မ စနစ်နဲ့ ကားတွေလမ်းပေါ်ထွက်ရတဲ့ ကိစ္စကြောင့် ကုန်ဈေးနှုန်းပိုကြီးမြင့်စေသလို ပြည်သူတွေအတွက် ခက်ခဲမှုတွေ ပိုဖြစ်စေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ စစ်အုပ်စုက ၆ လကျော်ကြာ ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
လမ်းပေါ်က စုံ/မ စနစ်ကို ဖျက်သိမ်းလိုက်ပေမဲ့ မော်တော်ယာဉ် ဆီဖြည့်တဲ့နေရာမှာတော့ QR Quota စုံ/မစနစ်ကို ဆက်ထားရှိဦးမယ်လို့လည်း စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက စက်သုံးဆီရောင်းချမှုကို စုံ/မ စနစ်နဲ့ ထားတဲ့အပြင် ကန့်သတ်ချက်နဲ့ ရောင်းချနေတာကြောင့် ဆီမှောင်ခိုဈေးကွက် ပေါ်ပေါက်နေသလို QR စနစ်ကြောင့် အစားထိုး ဆီခိုးထုတ်မှုတွေလည်း ရှိနေပါတယ်။
ဒီနေ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တော့ စစ်အုပ်စုရဲ့ စုံ/မ စနစ်ဟာ အစကတည်းက မကျင့်သုံးသင့်တဲ့ စနစ်ဖြစ်သလို အခုကျင့်သုံးနေတဲ့ ဆီရောင်းတဲ့စနစ်ကိုလည်း ပယ်ဖျက်သင့်တယ်လို့ ပြည်သူတချို့က ထောက်ပြပြောဆိုနေကြပါတယ်။






