စက်တင်ဘာ၊ ၂၁
HIV နဲ့ ယှဥ်တွဲနေထိုင်သူတွေ ပုံမှန် သောက်ရတဲ့ ART ဆေး (Anti-retroviral therapy) ကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှာ တစ်ယောက်ကို ဆေးတစ်လစာစီ ပြန်ထုတ်ပေးနေပြီလို့ ဆေးသွားထုတ်သူ တချို့ဆီက သိရပါတယ်။
အရင်က နှစ်လစာ၊ သုံးလစာအတွက် ဆေးထုတ်ပေးတာဖြစ်ပေမဲ့ အဲဒီနောက်ပိုင်း တစ်ပတ်၊ ဆယ့်ငါးရက်စာပေးနေရာကနေ စက်တင်ဘာလဆန်းပိုင်းလောက်ကစပြီး ဆေးမထုတ်ပေးတော့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ ဆေးထုတ်ဖို့ ရက်ချိန်းပေးတဲ့အတွက် မြစ်ကြီးနားမြို့က သွားထုတ်တဲ့ သူတွေဟာ တစ်ယောက်ကို တလစာရရှိခဲ့ကြတယ်လို့ ဆေးသွားထုတ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဖားကန့်၊ မိုးညှင်းဘက်က လာထုတ်သူတွေလည်းရှိတယ်။ ဖားကန့်ဆို ဖားကန့်ဘက် ထုတ်ခိုင်း ကြတယ်။ ဝိုင်းမော်ဆိုရင် ဝိုင်းမော်ဘက် ထုတ်ခိုင်းကြတယ်။ ဆေး လုံလုံလောက်လောက် မရောက်ကြဘူး ထင်တယ်။”လို့ သူက ပြောပါတယ်။
ART လို့ခေါ်တဲ့ဆေး (Anti-retroviral therapy) ဆိုတာက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ HIV ပိုးတွေ ထပ်ပြီး ပွားမလာအောင် ထိန်းချုပ်တဲ့အနေနဲ့ သောက်နေရတာဖြစ်ပြီး ART ဆေးကို စဥ်ဆက်မပြတ် သောက်မှသာ ကိုယ်တိုင်လဲ သက်တမ်းစေ့နေနိုင်သလို တခြားသူတွေကိုလဲ ကူးစက်မှု လျော့နည်းစေမှာ ဖြစ်ပါတယ်။
ART ဆေး ပုံမှန်မသောက်ဘူးဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ HIV ပိုးတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘဲ ပိုးတွေ ပွားလာတာနဲ့ ခန္ဓာကိုယ်ထဲက ကိုယ်ခံအား စနစ်တွေ ကျဆင်းလာနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဆေးမသောက်တာ အချိန်ပိုကြာလာရင်တော့ AIDS လို့ခေါ်တဲ့ ရောဂါအဆင့်မြင့်ရင် ဖြစ်လာတတ်တဲ့ ရောဂါပေါင်းစုံဖြစ်တဲ့ အခြေအနေအထိ ရောက်သွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။






