ယမ်းဂိုဒေါင်ပေါက်ကွဲပြီး ကုမ္ပဏီပိုင်ရှင်အပါ ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

2

 

အောက်တိုဘာ၊၃

KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသ၊ လဂွေရွာအတွင်းရှိ ကွင်းရှီ့ကျောက်ဖြူကုမ္ပဏီရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲပြီး ကုမ္ပဏီပိုင်ရှင်အပါ ၇ ဦးသေဆုံးခဲ့တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ကအောက်တိုဘာလ ၂ ရက်နေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်လောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကွင်းရှီ့ဆိုတဲ့ ကျောက်ဖြူတူးဖော်တဲ့ကုမ္ပဏီမှာ ကျောက်ဖြူတူးဖော်ရာမှာ သုံးစွဲသိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲလို့ဖြစ်လာတဲ့ ပြဿနာဖြစ်ပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ကုမ္ပဏီပိုင်ရှင် တရုတ်အမျိုးသားတစ်ဦးနဲ့ အလုပ်သမား ၄ ဦးသာမက ရွာခံအမျိုးသမီး ၂ ဦးအပါ စုစုပေါင်းသေဆုံးသူ ၇ ဦး သေဆုံးခဲ့တာပါ။

ဒါ့အပြင် ချောင်းတစ်ဖက်ကမ်းရှိ စာသင်ကျောင်းဝင်းက ဆရာ၊ ဆရာမတွေနဲ့ ဒေသခံပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မူလတန်းကျောင်းဆောင်နဲ့ အလယ်တန်းကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူအတိအကျနဲ့ ထပ်မံသေဆုံးသူ ရှိ/မရှိဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

တခြားဒေသတွေမှာ သွားရောက်တူးဖော်ပြီး သယ်ဆောင်လာတဲ့ ကျောက်ဖြူတွေကို တရုတ်ကိုတင်ပို့ဖို့ အဲဒီကုမ္ပဏီအတွင်းမှာ အချောသတ်၊ သန့်စင် ထုတ်ပိုးတာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

လဂွေရွာနဲ့ ရွာအနီးတစ်ဝိုက်မှာ ကျောက်ဖြူလုပ်ကွက်တွေအပြင် မြေရှားတူးဖော်ရေးလုပ်ကွက်တွေလည်း အများအပြားရှိတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်က KIA ပူးပေါင်းတပ်ဖွဲ့တွေ ချီဖွေ၊ ပန်ဝါဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လဂွေရွာဟာလည်းပဲ KIO ထိန်းချုပ်ဧရိယာအတွင်းမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here