အောက်တိုဘာ၊၇
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ခြောက်လတာအတွင်း နိုင်ငံတဝန်းမှာ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၇၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒီကနေ့ ISP – Myanmar က ထုတ်ပြန်ပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းတွေကတော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် သတ်ဖြတ်တာနဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာ-စတဲ့နည်းလမ်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၁၇၃ ဦးအထဲက ၁၁၁ ဦးထက်မနည်းဟာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ သေဆုံးသူ ၆၄ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ စစ်အုပ်စုရဲ့ အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အတွင်း ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာကို လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ရွာခံ ၁၂ ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့လည်းဆိုတာအခုထိ အတည်ပြုနိုင်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားတယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ်ကျော် ကာလအတွင်း အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်အုပ်စုပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။






