မြောက်ဖျားပိုင်းဒေသရဲ့ ထမ်းစင်ပေါ်က ကျန်းမာရေးအကျပ်အတည်း

2

 

မိုင်းနီ-ရေးသည်။

ဝါးနှစ်ချောင်းနဲ့ အရေးပေါ် ပြုလုပ်ထားတဲ့ ထမ်းစင်ပေါ်မှာ လူတစ်ယောက် လှဲပြီးလိုက်လာပါတယ်။ တောစီးဖိနပ်စီးထားတဲ့ လူနှစ်ယောက်က ထမ်းစင်ကို ရှေ့နောက်ညီညီထမ်းရင်း တောလမ်းကျဉ်းလေးအတိုင်း သွားနေပါတယ်။

နောက်မှာလည်း အလှည့်ကျ ထမ်းပိုးပေးမယ့်သူနှစ်ယောက်က လိုက်ပါလာပါတယ်။ ဗီဒီယိုထဲမှာ မြင်ရတဲ့ မြင်ကွင်းတွေထက် ပိုထင်ရှားနေတာက ဖုန်းနဲ့ရိုက်ကူးသူရဲ့ အသက်ရှူသံ ခပ်ပြင်းပြင်းပါ။

ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က ပြည်သူတစ်ယောက်ကို ဆေးရုံအမြန်ပို့ဆောင်ဖို့ လူနာကို ရွာသားတချို့က တလှည့်စီထမ်းပြီး ခရီးနှင်လာရတဲ့အကြောင်း လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ရုပ်သံဖိုင် မြင်ကွင်းတွေဖြစ်ပါတယ်။

“ဆေးရုံကိုဒီလိုသွားရတာလား၊ သနားလိုက်တာ တိုင်းရင်းသားတို့ရေ”လို့ အထက်ပါရုပ်သံဖိုင်အောက်မှာ လူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။

ဒီ ၂၂ စက္ကန့်မျှသာကြာတဲ့ ရုပ်သံဟာ ပူတာအိုဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အရေးပေါ်ကျန်းမာရေး၊ လူမှုဘဝတွေကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

တကယ်တော့ ခေါင်လန်ဖူးအပါအဝင် ပူတာအိုဒေသမှာ လူနာတယောက် ဆေးရုံရောက်ဖို့ဆိုတာက ခရီးလမ်းအခက်ခဲသာမက ကားလမ်းကန့်သတ်ချက်အပြင် လေယာဥ်လက်မှတ်ခ မြင့်မားမှုတွေလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒေသတွင်းဆေးရုံတွေရှိပေမဲ့ ဆရာဝန်အင်အားမလုံလောက်မှုနဲ့ ကုသရေးပစ္စည်းကိရိယာ မလုံလောက်မှုတွေကြောင့် ရောဂါပြင်းရင်ပြင်းသလို မြို့ပေါ်တက်ကုသနေရတာ ဖြစ်ပါတယ်။

ခေါင်လန်ဖူးကအရေးပေါ်လူနာတွေဟာ ကားလမ်းပေါက်တဲ့ နေရာကနေတဆင့် ပူတာအိုမြို့အထိဆင်းလာရပြီး လိုအပ်ရင် တခြားမြို့ကြီးတွေဘက် ဆက်သွားရတာပါ။

ဒါဟာ ရုတ်တရက် ကျန်းမာရေး အခြေအနေ ဆိုးဝါးလာရင် ဆေးရုံ၊ဆေးခန်းပြဖို့ ပူတာအိုဒေသခံတွေ ဘယ်လိုရုန်းကန်နေရတယ်ဆိုတာ အထင်းသား မြင်နေရပါတယ်။

အဲဒီထက်ဆိုးတာက လူနာတစ်ယောက်ကို ပူတာအိုကနေ မြစ်ကြီးနားအထိလွှဲဖို့တောင် မိသားစုတွေပါ လိုက်ကူရတဲ့ စရိတ်စက မနည်းလှပါဘူး။

တောင်ပေါ်ဒေသက တချို့လူတွေအနေနဲ့ မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးဘက်သွားပြီး ဆေးရုံတက်ရရင် အဖက်ဖက်က ခက်ခဲမှုတွေကြုံရတာကြောင့် ခရိုင်ဆေးရုံဖြစ်တဲ့ ပူတာအိုဆေးရုံမှာတင် ဆေးကုသနိုင်ဖို့ မျှော်လင့်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ယောက်က ပြောပြပါတယ်။

“ရေရှည်အတွက်ကျတော့ ပူတာအိုမှာပဲ စက်ပစ္စည်းတွေ ဆေးကုသမယ့် ဓာတ်မှန်တွေကအစ စီတီစကန်တွေကအစ အကုန်လုံးရှိရင်၊ ပြီးရင် ဆရာဝန်တွေနဲ့ ဆရာမတွေ သူနာပြုတွေ အလုံလောက်ရှိမယ်ဆိုရင်တော့ ပူတာအိုဒေသအတွက် ရေရှည်ပိုအဆင်ပြေမှာပေါ့” လို့ ပူတာအိုဒေသခံက တစ်ယောက်ပြောပါတယ်။

ဒေသဆေးမြီးတိုတွေနဲ့ ကုသကြသူတွေလည်းရှိပေမဲ့ ဒေသထွက် ရှီးပဒီးဆေးမြစ်ကတော့ ဈေးကြီးမြင့်ပြီး ဝမ်းစာအတွက်ပဲရောင်းချဖို့ ဦးတည်ရှာဖွေကြတာကြောင့် ဒေသတွင်းမှာ သုံးစွဲကြတာနည်းပါးကြပါတယ်။

ဒါကြောင့် ပူတာအိုမှာပဲ ဆေးမကုသပေးနိုင်သေးရင်တော့ ပူတာအို – မြစ်ကြီးနား ကားလမ်းက ကန့်သတ်မှုတွေ ဖြေလျော့ဖို့လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ထောက်ပြကြပါတယ်။

ပူတာအိုမြို့ဟာ မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ခရိုင်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာ တည်ရှိပါတယ်။ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ကားလမ်းကိုအားထားရပြီး မြစ်ကြီးနားအပါအဝင် တခြားမြို့ကြီးတွေကို သွားလာရေးအတွက် ကားလမ်းနဲ့ လေကြောင်းလမ်းသာရှိပါတယ်။

လက်ရှိ ပူတာအိုဒေသခံတွေဟာ ကားလမ်းပိုင်းက ကန့်သတ်မှုတွေနဲ့ လေယာဉ်ခမြင့်တက်မှုတွေကြောင့် ပူတာအို မြို့ကနေ အခြားမြို့တွေဘက်သွားလာဖို့ ခဲယဉ်းပြီး အထူးသဖြင့်အရေးပေါ် ဆေးကုသဖို့သွားရာတွေမှာ ခက်ခဲ နေပါတယ်။

“လေယာဉ်လက်မှတ် တစောင်ဝယ်ဖို့လည်း မလွယ်ဘူး။ အရင်တုန်းကဆို မန္တလေးကို တိုက်ရိုက် လေယာဉ်မရှိဘူးဆိုရင်လည်း ကားလမ်းနဲ့ ပို့လို့ရတယ်။ အခုက အဆင်ပြေဘူးလေနော်”လို့ အသက် ၃၀ အရွယ် ပူတာအိုမြို့ခံတစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနား – ပူတာအို ကားလမ်းမှာရှိတဲ့ ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲဖြစ်တဲ့ ၂၀၂၄ ခုနှစ်ကနေ အခု ၂ နှစ်ကျော် လာချိန်အထိ ကားလမ်းမှာရှိတဲ့ စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)တို့ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ကားလမ်းကနေ ခရီးသွားလာဖို့ ခက်ခဲပါတယ်။ လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ KIA တပ်တို့ရဲ့ ဂိတ်နှစ်ခုပေါင်း အကြမ်းဖျင်းအားဖြင့် ၁၀ ခုကျော်ရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။

အဲဒီလမ်းမှာရှိတဲ့ စစ်အုပ်စုရဲ့ မြစ်ဆုံ – တန်ဖရဲဂိတ်ဟာ အသက် ၁၈ နှစ်နဲ့ ၄၀ အောက်က လူငယ်၊ လူလတ် ပိုင်းတွေကို ခရီးသွားလာခွင့် ကန့်သတ်ထားတာနဲ့ တပ်သားစုဆောင်းရေးအတွက် ပေါ်တာဆွဲတာတွေကြောင့် ကားဆရာတွေလည်း အသက် ၄၀ အောက်အရွယ်တွေကို ခရီးသည်အဖြစ်မတင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အရေးပေါ်လူနာကို ကားလမ်းကမဟုတ်ဘဲ မြစ်ကြီးနားမြို့ပို့ဆောင်ဖို့ လေယာဉ်နဲ့သွားမယ်ဆိုရင်လည်း လက်မှတ်က ချက်ချင်းရဖို့ခက်ခဲနေပါတယ်။

ပူတာအိုကနေ မြစ်ကြီးနားနဲ့ မန္တလေးကို လေယာဉ်နဲ့ တစ်ပတ်နှစ်ကြိမ်ပြေးဆွဲပြီး တကယ်လို့လက်မှတ် ရခဲ့ရင်တောင် ကုန်ကျမယ့် လေယာဉ်ခ မတတ်နိုင်မှုကြောင့် ဆေးကုသွားဖို့ အခက်ခဲတွေ ရင်ဆိုင်နေရတာပါ။

လက်ရှိအချိန် ပူတာအို – မြစ်ကြီးနား လေယာဉ်လက်မှတ်ခ တစ်ကြောင်းစာကို ကျပ်ငါးသိန်းနဲ့ ခြောက်သိန်းကြားရှိပြီး ပူတာအို – မန္တလေးကတော့ ကျပ်ရှစ်သိန်းနဲ့ ကိုးသိန်းကြားရှိပါတယ်။

“မြစ်ကြီးနား၊ မန္တလေးကို လွှဲရင်လည်း လေကြောင်းလိုင်းနဲ့ပဲ သွားရတဲ့အခါကျတော့ ကုန်ကျစရိတ် မတတ်နိုင်တာနဲ့ အခက်ခဲတွေဖြစ်နေတာ။”လို့လည်း နောက်ထပ် ပူတာအိုဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

လူနာအတွက်သာမက လူနာစောင့်အတွက်ပါ လေယာဉ်အသွားအပြန်ခနဲ့ စားစရိတ်အဖို့ သီးသန့် ကျပ်သိန်းလေးဆယ်ခန့်ကုန်ကျနိုင်လို့ ငွေကြေးခက်ခဲမှုကြောင့် လူနာတချို့ဆိုရင် အိမ်သားလူနာစောင့်တွေ မပါဘဲ သွားလိုက်ရတာတွေအထိ ရှိနေပါတယ်။

ပူတာအိုမှာ ခွဲစိတ်ဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ ကလေးအထုကု၊ သွားဆရာဝန်နဲ့ သမားတော်ရှိပေမဲ့ မျက်စိ အထူးကုမရှိတာ၊ ကင်ဆာဓာတ်ကင် ဆေးသွင်းဖို့မရှိတာ၊ ကျောက်ကပ်ဆေးလို့မရတာနဲ့ အခြားသော မဖြစ်မနေ လွှဲရမယ့် အရေးပေါ်ဆိုရင် တခြားမြို့တွေဘက်ပဲ လွှဲကြရတာ ဖြစ်ပါတယ်။

“နောင်မွန်၊မချမ်းဘော့တို့မှာ ဆေးပေးခန်း ရှိတယ်ဆိုပေမဲ့ ဆရာဝန်တောင်မရှိဘူးလေ။ ဒီတိုင်းလေးလည်ပတ်ရုံပဲဆိုတော့ ပူတာအိုပဲလာကြတယ်။ အရင်ကတည်းက ဒီတိုင်းပဲ။ အခုက နိုင်ငံရေးမကောင်း ကုန်ဈေးနှုန်းတွေမြင့်တော့ ပိုဆိုးတာပေါ့။” လို့ ဒေသခံအမျိုးသားက အခြေအနေကို ထပ်ရှင်းပြပါတယ်။

ခေါင်လန်ဖူးမြို့နယ်နဲ့ ပန်းနန်းဒင်မြို့နယ်တွေဘက်က ကျန်းမာရေး ဆေးပေးခန်းတွေ ပိတ်ထားတာ ငါးနှစ်ဝန်းကျင် ရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။

မြို့နယ် ၅ မြို့နယ်ရှိတဲ့ ပူတာအိုခရိုင်မှာ လတ်တလော တစ်ခရိုင်လုံး အားထားရတဲ့ဆေးရုံဟာ ကုတင် ၁၀၀ ဆန့် ပူတာအိုခရိုင်ဆေးရုံ တစ်ခုတည်းသာရှိပါတယ်။

ဒါကြောင့် ပူတာအိုမြို့နယ်အတွင်းက လူနာတွေသာမက နောင်မွန် ၊ ပန်နန်းဒင်၊ မချမ်းဘော့နဲ့ ခေါင်လန်ဖူးမြို့နယ်တွေက လူနာတွေလည်း ပူတာအိုမြို့အထိ လာရောက် ကုသနေရပါတယ်။

ပူတာအိုမြို့နေ ပြည်သူတစ်ယောက်ကတော့ ငွေကြေးမပြည့်စုံတဲ့သူတွေ ကြုံတွေ့နေရတဲ့အခြေအနေကို အခုလိုပဲ ပြောပြပါတယ်။

“မကုနိုင်တဲ့လူကတော့ မကုတော့ဘူး။ ဒီတိုင်းပဲ ဘဝကို အရှုံးပေးတဲ့လူနာတွေ၊ ဆေးမကုနိုင်လို့ ဒီတိုင်းပဲ စိတ်လျှော့လိုက်တဲ့ လူနာတွေလည်း အရမ်းရှိလာတယ်။”

 

LEAVE A REPLY

Please enter your comment!
Please enter your name here