အောက်တိုဘာ၊၁၉
ချီဖွေမြို့အနီး၊ အနားမှာရှိတဲ့ ကန်ပိုင်ယန်(မေခမြစ်နဲ့ ချီဖွေချောင်း)မှာ တရုတ်လုပ်ငန်းရှင်တစ်ဦးဟာ လမ်းခင်းဖို့အတွက်ဆိုပြီး သဲကျောက်တူးဖော်ရေးလုပ်ငန်းအကြောင်းပြ ရွှေတူးဖော်ယူနေတာကို အမြန်ဆုံး ရပ်တန့်ပေးဖို့ ချီဖွေဒေသခံတွေ တောင်းဆိုနေကြပါတယ်။
အဲဒီနေရာဟာ မြို့ရဲ့အဓိကကျတဲ့နေရာ ဖြစ်တဲ့အတွက် ဒီထက်မပျက်စီးရလေအောင် အမြန်ဆုံး ရပ်တန့်ပေးဖို့ သဲကျောက်တူးဖော်ရေးကို ကန့်ကွက်နေတဲ့ ချီဖွေဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အဓိကကျတဲ့ မြေနေရာဖြစ်တဲ့အတွက် ရွှေတူးဖော်ဖို့ ကျွန်တော်တို့တွေ အလိုမရှိကြောင်း ကန့်ကွက်လိုပါတယ်။ ကျန်တာတော့ သူတို့ဘယ်နေရာတူးတူး တူးပါစေပေါ့။ ဒီနေရာပဲ မတူးဘဲနဲ့ သူတို့ပြောင်းရွှေ့ပြီး ရပ်တန့်သွားရင်တော့ ကျွန်တော်တို့ ပြည်သူလူထုက စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစေမှာ ဟုတ်တယ်။”လို့ ဆိုပါတယ်။
အားကစားကွင်းနဲ့ အထက်တန်းကျောင်း၊ စစ်ရှောင်စခန်းတွေ၊ စိုက်ခင်းတွေရှိတဲ့ အနီးအနားမှာဖြစ်တဲ့အတွက် အဲဒီမြေနေရာတွေ ထိခိုက်ပျက်စီးသွားမှာစိုးရိမ်တာကြောင့် ဒေသခံတွေအားလုံး ဝိုင်းဝန်းထိန်းသိမ်းထားတာလို့ ဆိုပါတယ်။
ချီဖွေမြို့ဟာ မြစ်ကမ်းနားမှာတည်ထားတဲ့ မြို့ငယ်လေးဖြစ်တဲ့အတွက် အဲဒီမှာရွှေကျင်လိုက်ပြီဆိုရင် တစ်မြို့လုံးပျက်စီးသွားပြီး တစ်မြို့လုံးကပြည်သူတွေအားလုံး ဒုက္ခရောက်သွားမှာဖြစ်တာကြောင့် မြို့အနီးအနားတစ်ဝိုက် ရွှေတူးဖော်တာကို ဒေသခံအားလုံးကန့်ကွက်ပြောဆိုထားတယ်လို့ ကန့်ကွက်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
“အရင်လက်ထက်မှာကြတော့ ဘယ်သူမှမတူးဘူး။ အခုဒီလက်ထက်မှပဲ တူးဖို့လုပ်နေကြတယ်လေ။ အဲဒီတော့ သူတို့(KIO/KIA) ခွင့်ပြုလို့ နေမှာပေါ့။ မြို့သူ၊ မြို့သားတွေ ဘယ်သူမှ သဘောမတူဘူး။ ချီဖွေမြို့ဆိုတာ သေးသေးလေးပဲဟုတ်တယ်။ အဲဒီမှာရွှေကျင်လိုက်မယ်ဆိုရင် အားလုံး ပျက်စီးသွားမှာဟုတ်တယ်။” လို့ ဆိုပါတယ်။
ဒါ့အပြင် သဘာဝဘေး ရေကြီး၊ ရေလျံမှုတွေကြောင့် နှစ်စဉ် ကမ်းပါးပြိုကျမှုတွေကြောင့် မြို့ဧရိယာပျက်စီးပြီး ဒေသခံတွေဒုက္ခရောက်မှာ စိုးရိမ်ရတဲ့အတွက် ရွှေမတူးကြဖို့ သဘောတူထားတဲ့ ဧရိယာဖြစ်တယ်လို့လည်း ဆိုပါတယ်။
သဲကျောက်တွေကို ချီဖွေ – ဆော့လော်လမ်း၊ ချီဖွေ – ပန်ဝါလမ်း ခင်းဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့စက်တင်ဘာလ လဆန်းပိုင်းကစပြီးတော့ တရုတ်လုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင် နေကြတာဖြစ်တယ်လို့ ကန့်ကွက်သူတဲ့ အထက်ပါဒေသခံအမျိုးသားက ပြောပါတယ်။
“သဲကျောက်တိုက်တာတော့မတွေ့ဘူး။ ခင်းတာလည်းမတွေ့ဘူး။ ဒါပေမဲ့ ရွှေတူးတာတော့ ၂၄ နာရီပဲ။ ညဆိုင်း၊ နေ့ဆိုင်းနဲ့ သူတို့တူးနေတာပဲ။ ကျောက်စရစ်သယ်တာတော့ မတွေ့ဘူး။ ကားလေးနဲ့လည်းမတွေ့ဘူး။ ကားကြီးနဲ့လည်းမတွေ့ဘူး။ ဆိုင်ကယ်နဲ့လည်း တင်တာမတွေ့ဘူး။” လို့ အခြေအနေကို ပြောပါတယ်။
ရွှေတူးတာနဲ့ သဲကျောက်လုပ်တဲ့ နည်းလမ်းဟာ မတူညီတဲ့ လုပ်ငန်းဖြစ်တယ်ဆိုတာ ဒေသခံတွေအနေနဲ့ သိရှိထားကြောင်း၊ အနက် ပေ ၄၀၊ ၅၀၊ ၆၀ လောက်အထိ တူးနေတာ၊ သဲကျောက်တွေကို မျှောတိုက်ချတာတွေကို ကြည့်ခြင်းအားဖြင့် သဲကျောက်လုပ်နေတာမဟုတ်ဘဲ ရွှေတူးနေတယ်ဆိုတာ ပေါ်လွင်ကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။
တရုတ်လုပ်ငန်းရှင်ဘက်က KIO/KIA ရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင်တာ ဟုတ်မဟုတ်ဆိုတာကို ဒေသခံတွေကအနေနဲ့ တိတိကျကျ မပြောနိုင်ပေမယ့် ဒေသအုပ်ချုပ်ခွင့်အာဏာရသူတွေ ခွင့်မပြုရင်တော့ ဝင်လုပ်မှာမဟုတ်ဘူးလို့ ထင်မြင်မိကြောင်းလည်း ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
လုပ်ငန်းစတင်လာချိန်က ဒေသခံတွေအနေနဲ့ ရပ်ကွက်အစည်းအဝေးမှာ ကန့်ကွက်ကြောင်းပြောဆိုထားလို့ လုပ်ငန်းရှင်တွေဘက်က လက်ခံသယောင်နဲ့ နောက်ပိုင်းမှာတော့ လာရောက်တူးဖော်နေကြတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် KIO/KIA ဌာနချုပ်က တားမြစ်ထားတယ်ဆိုပြီး ပြောဆိုမှုတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ခွင့်ပြုလိုက်သလားဆိုတာ မသိရဘဲ လုပ်ငန်းကိုတော့ လုပ်ဆောင်နေကြပြီဖြစ်တယ်လို့လည်း ကန့်ကွက်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
KIO/KIA ဘက်က သဲကျောက်ထုတ်ယူခွင့်သာ ပေးထားပြီး ရွှေတူးဖော်ခွင့်ကိုတော့ ပေးထားခြင်းမရှိဘူးလို့ ချီဖွေမြို့မှာရှိနေတဲ့ KIO/KIA က အရာရှိတစ်ဦးက ပြောပါတယ်။
“ခွင့်ပြုပေးထားခြင်းမရှိဘူး။ ချီဖွေချောင်းနဲ့ ကန်ပိုင်ယန်က သဲသောင်ပြင်ကို ပန်ဝါလမ်းခင်းဖို့သုံးဖို့ လိုချင်တယ်ဆိုပြီး ဗဟိုဘဏ္ဍာရေးဌာနကို တောင်းဆိုထားတယ်တဲ့။ ချီဖွေဒေသအုပ်ချုပ်ရေးအရာရှိ ပြောတာတော့ သဲကျောက်ပဲထုတ်၊ ရွှေတူးဖို့အခွင့်မပေးနိုင်ဘူးလို့ ပြောထားတာကို သူက(တရုတ်လုပ်ငန်းရှင်) ရွှေတူးဖို့လုပ်နေတော့ ဒေသခံတွေ ပြဿနာတက်နေတာ ဟုတ်တယ်။” လို့ အရာရှိက တုန့်ပြန်ပြောဆိုပါတယ်။
တရုတ်လုပ်ငန်းရှင်က သဲကျောက်လည်းထုတ်ယူပြီး ရွှေကျင်ယူဖို့လည်း လုပ်ဆောင်နေတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
ချီဖွေမြို့ခံ ပြည်သူတွေအနေနဲ့ကတော့ ကန်ပိုင်ယန်ဒေသမှာ လုံးဝရွှေမတူးဖော်ဖို့နဲ့ လက်ရှိ သဲကျောက်အကြောင်းပြပြီး ရွှေတူးဖော်နေတဲ့ တရုတ်လုပ်ငန်းရှင်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးတားဆီးပေးဖို့ တောင်းဆိုနေကြပါတယ်။






