နိုဝင်ဘာ၊၃
ကြွက်ဘေးသင့်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆန်တစ်အိမ် နှစ်သိန်းကျော် ပေးဝယ်နေရတယ်လို့ သိရပါတယ်။
မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ခင်ဒူယန်၊ အင်ဆိုင်းယန်၊ ဖုန်ကျန်း၊ အင်ဂေါမ၊ ဆွမ်ပရာဘွမ်၊ ခင်ဒူကောင်၊ အင်တားဂလူ၊ ဆူးယန်၊ မိုင်ထောင်း၊ ခကရန်းယန်၊ ဆူးယန်၊ ဒရူခ၊ ဆွပ်ခါး၊ လိုင်ဝါယန်စတဲ့ရွာတွေ တည်ရှိပြီး ရွာ အများပိုင်းက တောင်ယာခင်းတွေမှာ အရင်နှစ်က ကြွက်ဘေးဒဏ်သင့်ခဲ့တာပါ။
အဲဒီလို ကြွက်ဘေးဒဏ်တွေကြောင့် တောင်ယာစပါးအပြင်၊ ကောက်ပဲသီးနှံတွေ ဆုံးရှုံးမှုများခဲ့တဲ့အတွက် တောင်ယာစပါးစိုက်ပျိုးသူတွေ နည်းသွားတာလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အိမ်တိုင်းလိုလို ဈေးကဆန်ပဲ စားတာများတော့တယ်။ ကြွက်တွေပေါတဲ့နောက်ပိုင်း တောင်ယာစပါးစားတဲ့ အိမ်ခြေနည်းသွားပြီ။ ဒီနှစ်တော့ ဘယ်လိုလာမလဲ မသိဘူး။ အများပိုင်းတော့ ဈေးကဆန်ပဲ စားတာများတယ်။” လို့ ဆိုပါတယ်။
လက်ရှိအချိန် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆန်တစ်အိတ်ကို ၂၃၀,၀၀၀ကျပ်ကနေ ၂၆၀,၀၀၀ကျပ်အထိ ဈေးပေါက်နေပြီး ဆန်အမျိုးအစားပေါ် မူတည်ပြီးတော့လည်း ဈေးနှုန်းကွာဟချက် ရှိတယ်လို့ ပြောပါတယ်။
အခုလို ဆန်ဈေးတွေ မြင့်တက်နေတာဟာ မြစ်ကြီးနားကနေအတက် လမ်းစရိတ်တွေကြောင့် ဖြစ်နိုင်တယ်လို့လည်း မြင်မိတဲ့အကြောင်း ဆိုပါတယ်။
ဒါ့အပြင် ဆွမ်ပရာဘွမ်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေမှာလည်း ဆန်တစ်အိတ်ကို သုံးသိန်းကျပ်အထိ ရှိတယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရတာပါ။
ဆွမ်ပရာဘွမ်မြို့ဟာ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာတည်ရှိပြီး လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားတဲ့ ဒေသလည်းဖြစ်ပါတယ်။
– ပုံဟောင်းဖြစ်ပါသည်၊






