နိုဝင်ဘာ၊ ၁၆
သစ်ပင်ပုံစံရုပ်ဖျက်တတ်တဲ့ ပုရစ်မျိုးနွယ်ဝင်ပိုးကောင်ရဲ့ ရှေးအကျဆုံးရုပ်ကြွင်းကို မြန်မာ့ပယင်းကနေ သိပ္ပံပညာရှင်တွေက ရှာတွေ့ခဲ့ပါတယ်။
အဲဒီအကြောင်းကိုတော့ သိပ္ပံပညာတွေ့ရှိချက်တွေ၊ လေ့လာဆန်းစစ်မှုနဲ့ နည်းပညာသတင်းတွေကို တင်ဆက်နေတဲ့ ဩစတြေးလျအခြေစိုက် Science Alert ဝဘ်ဆိုဒ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ဖော်ပြခဲ့တာပါ။
နှစ်ပေါင်း ၉၈ သန်းလောက် သက်တမ်းရှိတဲ့ ပယင်းထဲက အဲဒီ ပုရစ်မျိုးနွယ်ဝင်ကိုတော့ သိပ္ပံပညာရှင်တွေက Folimantis hyalinala လို့ နာမည်ပေးထားပါတယ်။
Folimantis ဆိုတဲ့ မျိုးရင်းကတော့ “သစ်ရွက်ပုရစ်” ဖြစ်ပြီး hyalinala ဆိုတာကတော့ အဲဒီပယင်းထဲက ပုရစ်ရဲ့ ဖန်လိုကြည်လင်နေတဲ့ တောင်ပံတွေကို ညွှန်းဆိုထားတာပါ။
အဲဒီပုရစ်ရဲ့ ဝမ်းဗိုက်ပိုင်းဟာ ဒေသတွင်းပယင်းနမူနာတွေထဲကတွေ့တဲ့ မျိုးသုဉ်းအပင် Selaginella grimaldii နဲ့ တော်တော်တူညီနေတယ်လို့ ဆိုပါတယ်။
သုတေသနကိုရေးသားခဲ့တဲ့ ရှေးဦးပိုးမွှားဗေဒပညာရှင် Hongru Yang နဲ့ လုပ်ဖော်ကိုင်ဖက်တွေက တော့ “F.hyalinala (ပုရစ်) နဲ့ Selaginella (မျိုးသုဉ်းအပင်) တို့ရဲ့ အသွင်တူဟန်ဆောင်မှုပုံစံကို ဘယ်တုန်းကမှ အစီရင်ခံ တင်ပြတာမျိုး မရှိခဲ့ပါဘူး။
ခေတ်သစ်မန်တိုဒီယာ ပုရစ်မျိုးရင်းတွေမှာလည်း Selaginella လို အသွင်တူဟန်ဆောင်တဲ့ မျိုးစိတ်မရှိဘူးလို့အခု ခေတ်သစ်မှာတော့ အပင်တွေပေါ်မှာ မျိုးဆက်အများအပြားနေထိုင်ခဲ့ကြတဲ့အတွက် အဲဒီကတဆင့် အပင်တွေနဲ့ ပုံစံတူလာတဲ့ ပုရစ်တွေတော့ အများအပြားရှိနေပါတယ်။
အဲဒီထဲက အထင်ရှားဆုံးကတော့ အရှေ့တောင်အာရှမှာတွေ့ရတဲ့ ပန်းပွင့်လို့ထင်ရတဲ့ သစ်ခွပုရစ် (orchid mantis) ခေါ် Hymenopus coronatus ဖြစ်ပါတယ်။
အဲဒီသစ်ခွပုရစ်ရဲ့ ခန္ဓာကိုယ်ဟာ ပန်းပွင့်လိုမျိုး ပန်းရောင်နဲ့ အဖြူနုရောင်အဆင်းရှိတဲ့အပြင် လေတိုက်တဲ့အခါ ပန်းပွင့်တစ်ပွင့်လို ယိမ်းနွဲ့တတ်တဲ့အထိ ပန်းနဲ့အလွန်တူတဲ့ ပုရစ်ဖြစ်ပါတယ်။
ဒါပေမဲ့ ပန်းပွင့်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၈ သန်းလောက်တုန်းက အခုလောက်မပေါသေးတဲ့ အတွက် အခုပယင်းထဲကတွေ့ရတဲ့ F. hyalinala ဟာ သစ်ရွက်တွေနဲ့ပဲ တူနေတာလို့ ဆိုပါတယ်။
ဆင့်ကဲဖြစ်စဉ်ကြောင့် ခေတ်သစ်ပုရစ်အများစုဟာ အပင်ပုံစံဟန်ဆောင်ဖို့ သူတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းအသီးသီးမှာ ဟန်ဆောင်လက္ခဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။
ဒါပေမဲ့ အခုတွေ့ရတဲ့ F. hyalinala ကတော့ ဝမ်းဗိုက်ပိုင်းမှာပဲ အရွက်ပုံစံဖြစ်နေတာက ဒါဟာ ဟန်ဆောင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းကနေ စတင်ပြောင်းလဲလာပြီးမှ တောင်ပံနဲ့ ရင်ဘတ်လို တခြားအစိတ်အပိုင်းတွေဆီကို နောက်မှ ဆင့်ကဲပြောင်းလဲလာတာကို ပြသနေတာလို့ ဆိုပါတယ်။
ပုရစ်တွေဟာ မှီခိုတဲ့အပင်နဲ့ ပိုဆင်တူလေ သူတို့ကိုသတိမထားမိတဲ့ အကောင်တွေကို ဖမ်းဆီး နိုင်လေဖြစ်သလို ရန်သူတွေဆီကနေလည်း ပုန်းကွယ်နေနိုင်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ အပင်တွေဟာလည်း သူတို့ကို မှီတင်းနေထိုင်ကြတဲ့ ပုရစ်တွေကြောင့် အပင်စားပိုးမွှားတွေရဲ့ ဘေးကနေ ကာကွယ်ပေးတာကိုခံရပြီး အကျိုးကျေးဇူး ရရှိကြပါတယ်။
အခုပုရစ်မျိုးနွယ်ဝင်ပါတဲ့ ပယင်းကိုတော့ မြန်မာနိုင်ငံကနေရရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပစ္စည်းစုဆောင်းသူ Fangyuan Xia ဘေဂျင်းမြို့က Capital Normal University ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပယင်းအဓိကထွက်တဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ တနိုင်းဒေသက ဟူးကောင်းတောင်ကြားနဲ့ စစ်ကိုင်းတိုင်း၊ ခန္တီးနယ်တို့ဖြစ်ပါတယ်။
မြန်မာ့ပယင်းတွေဟာ သက်တမ်း နှစ်ပေါင်း ၉၉ သန်းလောက်ထိရှိတဲ့အတွက် ကမ္ဘာပေါ်မှာ သက်တမ်းအမြင့်ဆုံးပယင်းဖြစ်သလို အဲဒီပယင်းတွေထဲကနေ ရှေးဦးအကောင်တွေကို မကြာခဏဆိုသလို တွေ့ရှိရပြီး သိပ္ပံတွေ့ရှိချက်တွေလည်း အများအပြားထွက်ပေါ်ထားပါတယ်။
ကိုးကား – Scientists Discover a 98-Million-Year-Old Mantis With ‘Leaves’ on Its Abdomen, Trapped in Amber/ Science Alert






