နှစ်ပေါင်း ၃၀ အတွင်း ရာသီဥတုကြောင့် အထိခိုက်ဆုံး နိုင်ငံ ၃ နိုင်ငံထဲ မြန်မာပါဝင်လာ၊ မြန်မာမှာ ရေကြီးမှုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့

3

 

နိုဝင်ဘာ၊ ၁၇

ကမ္ဘာပေါ်မှာ နှစ်ပေါင်း ၃၀ အတွင်း ရာသီဥတုကြောင့် အထိခိုက်ဆုံး နိုင်ငံ ၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါလာတယ်။ ဂျာမန် သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Germanwatch ရဲ့ အချက်အလက်တွေကိုဒီနေ့ တူကီရဲနိုင်ငံ(တူရကီ) မှာ ပြုလုပ်တဲ့ COP31 ရာသီဥတု ထိပ်သီးအစည်းအဝေးမှာ ဖော်ပြချိန် မြန်မာနိုင်ငံက အထိခိုက်ဆုံးနိုင်ငံအဖြစ် ပါဝင်နေတာပါ။

ကမ္ဘာပေါ်မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရာသီဥတုနဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့ ဖြစ်စဉ်တွေကြောင့် လူပေါင်း ၉၁၆,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ Germanwatch က ဖော်ပြထားပါတယ်။

ရာသီဥတုနဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်ပေါင်း ၁၀,၀၀၀ နီးပါးရဲ့ တိုက်ရိုက် အကျိုးဆက်အဖြစ် လူပေါင်း ၅ ဒသမ ၅ ဘီလီယံ လောက် ထိခိုက်ခံစားခဲ့ရပြီး ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ထရီလီယံ ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီ နှစ်ပေါင်း ၃၀ အတွင်းမှာတော့ ဒိုမီနီကာ၊ မြန်မာနဲ့ ဟွန်ဒူးရပ်စ်နိုင်ငံတို့ဟာ အထိခိုက်ဆုံး နိုင်ငံတွေဖြစ်တယ်လို့ ဆိုပါတယ်။ နှစ် ၃၀ စာရင်းအညွှန်းကိန်းမှာ အထိခိုက်ဆုံး နိုင်ငံတွေကို အုပ်စုနှစ်စု ခွဲခြားနိုင်ပြီး အဲဒါတွေကတော့ (၁) ထူးကဲကပ်ဘေးတွေကြောင့် အထိခိုက်ဆုံး နိုင်ငံတွေနဲ့ (၂) ပြင်းထန်တဲ့ ရာသီဥတု ဖြစ်စဉ်တွေနဲ့ မကြာခဏ ရင်ဆိုင်ရတဲ့ နိုင်ငံတွေဆိုပြီးတော့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ နံပါတ် (၁) ထဲမှာပါဝင်နေတာဖြစ်ပြီး အာရှတိုက်ထဲက ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့ကတော့ နံပါတ် (၂) ထဲပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၀၁ ခုနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ ရေကြီးမှုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့သလို ရေကြီးမှုဒဏ်ကို ခံစားခဲ့ရတဲ့လူပေါင်းဟာ ၉ သန်းနီးပါး ရှိခဲ့တယ်လို့ The International Disaster Database-EM-DAT ရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

အဲဒီ ၂၅ နှစ်တာအတွင်း ရေကြီးမှုတွေကတော့ ပုံစံအမျိုးမျိုးဖြစ်ပြီး ၂၀၂၄ တုန်းက မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော်မှာ မိုးဆက်တိုက်ရွာတာမျိုးကနေရေကြီးတာများပါဝင်သလို ၂၀၀၈ နာဂစ်လိုမျိုးမုန်တိုင်းတွေကြောင့် ရေကြီးခဲ့တာမျိုးတွေထိ ပါဝင်ပါတယ်။

ပုံစာ – ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်း မူးမြစ်ဘေးတလျှောက်ရှိကျေးရွာများ ရေနစ်မြုပ်ခဲ့စဉ်/ Photo – YE-U Freedom Comrades – YFC

 

LEAVE A REPLY

Please enter your comment!
Please enter your name here