မြစ်ဆုံအောက်ဘက်၊ ဧရာဝတီမြစ်ကိုဖြတ်၍ နေ့စဉ်ကျောင်းတက်နေရသော ခန်းဘူရွာနှင့် မလိယန်ကျေးရွာမှ ကျောင်းသူကျောင်းသားများကို စေတနာရှင်တစ်ဦးက အသက်ကယ်အင်္ကျီနှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်မှ အလှူရှင်ဦးအင်ဆွဲဆိန်ဂီမိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်ကာ အသက်ကယ်အင်္ကျီ၊ ထီး၊ ဗလာစာအုပ်၊ ခဲတံ၊ ဖောင်တိန်နှင့် ခဲဖျက်များကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့တွင် အောင်မြင်သာအထက်တန်းကျောင်းတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကျောင်းသူကျောင်းသား ၃၃ ယောက်နှင့် စက်လှေဆရာ ၂ ယောက်အတွက်ပါ အသက်ကယ်အင်္ကျီ၃၅ ထည်နှင့် ထီးများကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ခဲတံ၊ ခဲဖျက်၊ ဖောင်တိန်နှင့်ဗလာစာအုပ်များမှာ အောင်မြင်သာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ခက်ခဲသည့် ကလေးများအတွက် လှူဒါန်းခြင်း ဖြစ်သည်။
“နောက်လည်း ကျန်တဲ့သတင်းတွေကို ဆက်လက်ပြီးတော့ လုပ်ပေးပါ။ မြစ်ကြီးနားသတင်းဂျာနယ်မှာပါတဲ့ ဒီသတင်းကြောင့် အခုကျွန်တော်တို့ ကြားရတယ်။ ကလေးတွေက ပညာတတ်ချင်လို့ ဟိုဘက်ကမ်းကနေ လှေစီးပြီးဒုက္ခနဲ့ လာတဲ့ကိစ္စကို ကျွန်တော်တို့ဘယ်နေနိုင်မလဲ နောက်လည်းမှန်ကန်တဲ့သတင်းတွေ ဒီလိုချို့တဲ့တဲ့နေရာတွေကို သီးခြားလွှင့်ပေးပါ”ဟု ဦးအင်ဆွဲဆိန်ဂီက ပြောသည်။
အောင်မြင်သာအထက်တန်းကျောင်းအုပ်ဆရာမကြီးကလည်း “ကျွန်မသက်တမ်းမှာ ဘယ်သူမှ ဒီလိုမျိုးလာလှူဒါန်းတာမရှိခဲ့ဘူး။ အခုကပထမကြိမ်ပေါ့ အရမ်းလည်း ပျော်တယ်။ လမ်းခင်းပေးတဲ့ မြစ်ကြီးနားသတင်း ဂျာနယ်ကိုလည်း ကျေးဇူးတင်တယ်။ လာလှူပေးတဲ့ အလှူရှင်ကိုလည်း ကျေးဇူးတင်တယ်။ အားလုံးကို အရမ်းကျေးဇူးတင်တယ်”ဟုပြောသည်။
မလိယန်ကျေးရွာသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် ၂၀၁၁ ခုနှစ်က ပြောင်း ရွှေ့ခံရသည့်ရွာ ဖြစ်သည်။ယခင်တစ်ပတ်က ထုတ်ဝေခဲ့သော မြစ်ကြီးနားသတင်းဂျာနယ် မျက်နှာဖုံးတွင် “ဧရာဝတီမြစ်အပေါ်မူတည်နေသော ပညာရေး”ဟူသည့် ဆောင်းပါးတွင် ကျောင်းသားများခက်ခဲစွာ ကျောင်းတက်နေရပုံကို သတင်းထောက် ခေါန်နုတ်က ရေးသားဖော်ပြခဲ့သည်။
လဖိုင်လု၊ ခေါန်နုတ်







