မြစ်ကြီးနား၊ ဇူလိုင် ၃၀
ဇူလိုင်လ ၃၀ ရက်နေ့ကကျရောက်သည့် ကမ္ဘာ့အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ မြန်မာအသည်း ဖောင်ဒေး ရှင်း၏ ဦးဆောင်အဖွဲ့ဝင် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းတက်ရောက်ခဲ့သည်။
“ ဒီနေ့လိုခေတ်ကာလကြီးမှာ လူတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ အများကြီးရှိနေပါပြီ။ ကျွန်တော်တို့ငယ်ငယ်က နေထိုင်မှုပုံစံတွေနဲ့ မတူတော့ပါဘူး။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေလို့ မရတော့ပါဘူး။ ကျွန်တော်တို့ပုံမှန်အသက်ရှင်နေထိုင်ဖို့အတွက် သွားသတိ၊ လာသတိ၊ စားသတိဆိုသလို အိပ်ရင်လည်း မေ့ပျောက်ပျောက်အိပ်နေလို့မရတော့ပါဘူး။ စားနေရင်လည်း သတိထားရတော့မယ်ဆိုတော့ ကျွန်တော်တို့က သတိလေးထားဖို့ပါပဲ။ ဒီအခမ်းအနားတက်လို့ သိလို့သော်လည်ကောင်း၊ မီဒီယာကနေသိလို့သော်လည်ကောင်း ဒီနေ့သိလိုက်တဲ့ ကျန်းမာရေးအသိတွေကို ကိုယ်နဲ့သိတဲ့သူတွေ၊ ခင်တဲ့သူတွေကို တစ်ခါပြန်ပြီး Share ရအောင်။ ” ဟု လူမင်းက ပြောသည်။
အဆိုပါ ကမ္ဘာ့အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေးနေ့ကို အသည်းရောဂါ ကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေစစ်ဆေးပေးဟူသောဆောင်ပုဒ်နှင့် ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့်ဇနီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်/ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာလူကြီးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် မြန်မာအသည်းဖောင်ဒေးရှင်း နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ အသည်းရောင်အသာဝါရောဂါ သွေးဖောက်စစ်ဆေးခြင်း၊ ကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းများ ပြုလုပ်ခဲ့ကြ သည်။
ဆိုင်း (ကချင်မြေ)







