ကချင်ပြည်နယ်တွင် ပထမခြောက်လပတ်အတွင်း သွေးလွန်တုပ်ကွေး ၈၄ ဦး ဖြစ်ပွား

1390
mosquitoes

မြစ်ကြီးနား၊ဇူလိုင်၂၇
ကချင်ပြည်နယ်တွင် ပထမခြောက်လပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သူ ၈၄ ဦးရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် စာရင်းများအရ သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများတွင် ပြည်သူ့ကျန်းမာရေး၏ အသက်အပိုင်းအခြား သတ်မှတ်ချက်အရအသက်တစ်ဆယ့်ငါးနှစ်မှအထက်အရွယ်တွင် ဖြစ်ပွားမှုနှုန်း၏ ၃၈ ရာခိုင်နှုန်းခန့်ရှိပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူမရှိကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က အသက်ကို ဒီလိုပိုင်းပြီးကြည့်လိုက်တာပေါ့လေ။ ၁ နှစ်အောက်ရယ်၊ ၁ နှစ်ကနေ ၄နှစ်၊ ၄နှစ်ကနေ ၉နှစ်၊ နောက်တစ်ခါ ၁၀နှစ်ကနေ ၁၄ နှစ်ပေါ့နော်။ အဲလိုပိုင်းကြည့်လိုက်တာဆိုတော့ ၁၅ နှစ်အောက်ပဲ ကြည့်မယ်ဆိုရင်က ပိုဖြစ်တာပေါ့လေ။ ဒါပေမယ့် အဲလိုပိုင်းပိုင်းပြီး ပြန်ကြည့်လိုက်မယ် ဆိုရင်က ကျွန်တော်တို့ လူကြီးပိုင်းကများတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ရိန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောကြားသည်။

လက်ရှိကချင်ပြည်နယ်၏ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယခင်နှစ်များထက်များစွာ လျော့နည်းလာသော်လည်း သတိထားကာ ဆက်လက်စောင့်ကြည့်ရမည်ဟု ဒေါက်တာဇော်ရိန်က မှတ်ချက်ပေးသည်။
“ဒီသွေးလွန်တုပ်ကွေးက အချို့နှစ်တွေကျတော့ အများကြီးဖြစ်လာတယ်။ အချို့နှစ်တွေကျတော့ နည်းသွားတယ်။ အဲဒါကြောင့် ဒီနှစ်ကတော့ ရောဂါဖြစ်ပွားမှုက မများဘူးလို့ ယူဆလို့ မရသေးဘူး။ကျွန်တော်တို့ နှစ်ကုန်တဲ့အထိ စောင့်ကြည့်ရမယ်။ ဘာလို့လဲဆို အောက်တိုဘာလ လောက်မှာကျ အများဆုံးဖြစ်ပွား သွားခဲ့တယ်။ ၂၀၁၆ တုန်းကလည်း အခုလိုပဲ အစောပိုင်းမှာ သိပ်မဖြစ်ဘူး။ အောက်တိုဘာလလောက်မှာမှ အများဆုံးဖြစ်ပွားသွားခဲ့ဖူးတော့ ဒီနှစ်လည်း အဲလိုများဖြစ်နေမလား။ ရာသီဥတုတို့၊ လူတွေရဲ့ရောဂါကို ခံနိုင်ရည်ရှိမှုတို့က အများကြီးမူတည်ပါလိမ့်မယ်။ ခန့်မှန်းရတော့ခက်တယ်။ နည်းလိုက်များလိုက်နဲ့ ဒီလိုတော့ဖြစ်တတ်တယ်”ဟု ဒေါက်တာဇော်ရိန်က ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးအသိပညာပေးခြင်း (ဖုံး/သွန်/လဲ/စစ်) လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြင်လောက်လန်းသတ်ဆေး (Abate)ခတ်ခြင်း၊ သွေးလွန်တုပ်ကွေးလူနာ၏ ပတ်ဝန်းကျင်တွင် ခြင်ဆေးမှုန့်ခတ်ခြင်းလုပ်ငန်းများကို ယခုနှစ် ဧပြီလလောက်မှစတင်ကာ မြို့နယ်အသီးသီးမှ လုပ်ဆောင်လျက်ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအပေါ်မူတည်ကာ နှစ်ကုန်သည်အထိ လုပ်ဆောင်နေသည်ဟု ဒေါက်တာဇော်ရိန်က ပြောသည်။
“ပုံမှန်အားဖြင့် နိုဝင်ဘာလလောက်ဆိုရင် လူနာရှိသေးလား။ မရှိတော့ဘူးလား။ စောင့်ကြည့်တယ်။ အဲဒီအခါ လူနာမရှိတော့တာ နှစ်ပတ်သုံးပတ်လောက်ရှိရင်တော့ ကျွန်တော်တို့ခဏနားလိုက်တယ်။ ဒါပေမယ့် လူနာက ဆက်ရှိနေတုန်းပဲဆိုရင် ကျွန်တော်တို့ဆက်လုပ်နေမှာပါ။ အနည်းဆုံးကတော့ အောက်တိုဘာလထိတော့ ဆက်လုပ်နေကြသေးတယ်။ လူနာစောင့်ကြည့်ခြင်းလုပ်ငန်းကိုတော့ ဆေးရုံဆေးခန်းတွေမှာ လူနာတွေရှိသေးလား၊ မရှိဘူးလားဆိုတာမျိုး စောင့်ကြည့်နေတဲ့ လုပ်ငန်းတွေက တစ်နှစ်ပတ်လုံးလုပ်တယ်။ လူနာထွက်နေတုန်းပဲဆိုရင် ဆက်လုပ်နေတုန်းပဲ။ လူနာမထွက်တော့တာ နှစ်ပတ်၊ သုံးပတ်လောက်ရှိရင်၊ ရာသီဥတုကလည်း မိုးရာသီကုန်ပြီး ဆောင်းရာသီဝင်လာရင် ဒီအခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့က ခဏနားလိုက်ပါတယ်”ဟု ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ပူတာအိုခရိုင်မှလွဲပြီး ကျန်ဖြစ်လေ့ဖြစ်ထရှိသော မြို့နယ်များတွင် ဖိဖိစီးစီးလုပ်ဆောင်နေသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆိုင်း (ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here