ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာရေးအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို  ပြည်နယ်ဝန်ကြီးချုပ်ဟောင်းကကန့်ကွက်

8457
ngan-seng

မြစ်ကြီးနား၊ အောက်တိုဘာ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာရေး အရအသုံးဆိုင်ရာဥပဒေကြမ်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းက ကန့်ကွက် လိုက်သည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် ဥပဒေကြမ်းကော်မတီက တင်ပြတောင်းခံထားသည့် မူကြမ်းပါ အချက်အလက်အချို့မှာ နည်းနည်းပါးပါး အတိမ်းအစောင်း ရှိကောင်းရှိနေနိုင်သော်လည်း ပြည်သူများကို တိုက်ရိုက်အကျိုးပြုအောင် ရေးဆွဲထားကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၏ ပြောကြားချက်ကို ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ထိုစကားရပ်နှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော လွှတ်တော် အစည်းအဝေးတွင် ဦးလဂျွန်ငန်ဆိုင်းက “လွှတ်တော်ကိုယ်စားလှယ်တွေကတောင်မှ ဆွေးနွေးတာကို ကျေနပ်သလား၊ မကျေနပ်သလား။ ထောက်ခံသလား၊ မထောက်ခံသလားဆိုတာကို သိဖို့လိုသလို ဒီလိုမရေးသင့်ဘူးလို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထိုကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသည့် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ကြမ်းသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၁၉၀ (ခ)နှင့် မကိုက်ညီသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဦးလဂျွန်ငန်ဆိုင်းက “ဥပဒေကြမ်းကော်မတီကနေ အစီရင်ခံစာပို့ထားတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဒီမှာ ဆွေးနွေးကြတယ်။ ဒါကိုဒီမှာ ဘဏ္ဍာဝန်ကြီးကနေပြီးမှ အကြမ်းဖြင်း ရှင်းသွားတယ်”ဟု ဆက်လက်ပြောကြားသွားသည်။

အဆိုပါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးတင်ပြမှုများကို ထည့်သွင်းပြင်ဆင်ပြီးမှ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပုဒ်မများအတိုင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များသို့ တင်သွင်းရမည် ဖြစ်ကြောင်း ဦလဂျွန်ငန်ဆိုင်းပြောသည်။

၎င်း ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များကို ထည့်သွင်းပြင်ဆင်ထားသည့် ဥပဒေကြမ်းတရားဝင် ထွက်ရှိမလာသေးသော်လည်း ကချင်ပြည်နယ် လွှတ်တော်မှ ဆွေးနွေးချက်များအားလုံးကို အသံဖိုင်များမှအစ ထိန်းသိမ်းမှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်ကပြောကြားလိုက်သည်။

ထိုအပြင် “ဆွေးနွေးချက်တွေထဲမှာ ဝန်ကြီးပေးလိုက်တဲ့အချက်အလက်တွေက ခင်ဗျားတို့ ဒီအချက်တွေ၊ ဒီအချက်တွေ ပြုပြင်ပေးမယ်ဆိုတာကို စာရွက်စာတမ်းတွေ ခင်ဗျားတို့ဆီကို မရောက်သေးတာ အဓိက မို့လား။  ဒီဟာတွေနဲ့ပတ်သက်လို့ မကျေနပ်လို့၊ ကန့်ကွက်ချင်လို့ရှိရင် ဝန်ကြီးအနေနဲ့ဖြေကြားလို့ရရင် ဖြေကြားပါ။ ဖြေကြားလို့မှ မကျေနပ်လို့ရှိရင်တော့ မဲခွဲဆုံးဖြတ်မယ်”ဟု ဥက္ကဋ္ဌဦးထွန်းတင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ “ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တင်ပြတောင်းခံမှုတွေကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့အညီ လေလွင့်ဆုံးရှုံးမှုမရှိစေရန်  ပြန်လည်စိစစ်ပြီး လွှတ်တော်ကို ပြန်လည် တင်သွင်းသွားမှာဖြစ်ပါတယ်”ဟု ဦးဝေလင်းကပြောသည်။

ကချင်ပြည်နယ် လွှတ်တော်တွင် မဲပေးခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာ ၅၃ ဦး ရှိကြောင်းလွှတ်တော်ရုံး၏ စာရင်းဇယားများအရ သိရသည်။

ဆိုင်း (ကချင်မြေ)

LEAVE A REPLY

Please enter your comment!
Please enter your name here