မြစ်ကြီးနား၊ နိုဝင်ဘာ ၁၆
Legal Clinic – Myanmar (ဥပဒေကုစားရေးအဖွဲ့)က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် ဥပဒေအထောက်အကူပြု သင်တန်းများ လိုက်လံပို့ချနေကြောင်း သိရသည်။
လေးရက်ကြာ သင်ကြားပို့ချမည့် ယခုတစ်ပတ်သင်တန်းကို “အမျိုးသမီးငယ်များနှင့် အမျိုးသမီးများ၏ တရားမျှတမှု ရယူနိုင်ခွင့်ဆိုင်ရာ လုပ်ငန်း” ((Access to Justice for Woman and Girls Project) ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၁၄ ရက်မှစတင် ပို့ချနေခြင်း ဖြစ်သည်။
အဆိုပါသင်တန်းကို မြစ်ကြီးနားရုံးတာဝန်ခံဖြစ်သည့် အငြိမ်းစားခရိုင်ဥပဒေအရာရှိ ဦးမောင်မောင် နှင့်
တရားလွှတ်တော်ရှေ့နေ ဒေါ်ဂျာဆိုင်းမိုင်တို့က ပို့ချနေခြင်းဖြစ်ပြီး ဥပဒေနဲ့ပတ်သက်၍ သိသင့်သိထိုက် သည်များကို
လူတိုင်းသိရှိစေရန်၊ မိမိပတ်ဝန်းကျင်တွင် အမှုအခင်း တစ်စုံတစ်ရာဖြစ်လာလျှင် မိမိ ကိုယ်ကိုယ်ကာကွယ်နိုင်ရန်၊
အခြားသူများကိုလည်း အကူအညီပေးနိုင်ရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းနည်းပြတစ်ဦးဖြစ်သည့်
တရားလွှတ်တော်ရှေ့နေ ဒေါ်ဂျာဆိုင်းမိုင်က ပြောသည်။
“လူငယ်တွေအနေနဲ့ ဥပဒေ ကိုသိထားရင် ရဲစခန်းပဲသွားသွား၊ ရပ်ကွက်ရုံးပဲ သွားသွား ကိုယ်က
ခေါင်းမော့ပြီး သွားလို့ရတယ်။ ကိုယ်က ဘာမှသိမထားရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ ကြောက်ရွံ့
ကြောက်ရွံ့နဲ့ ဖြစ်နေတတ်တယ်။ အမှုအခင်းဖြစ်ရင် ကျွန်မတို့ဆီမှာ လိုတဲ့အကူအညီတွေ တောင်းခံနိုင်ပါတယ်”
ဟု ဒေါ်ဂျာဆိုင်းမိုင်က ပြောသည်။
အထူးသဖြင့် အမျိုးသမီးအကြမ်းဖက်မှုမှအကာအကွယ်ပေးရေး၊ အမျိုးသမီးများအခွင့်အရေး၊ ကလေးသူငယ်အ
ခွင့်အရေး၊ လူတိုင်းအတွက် တရားမျှတမှု ရရှိရေးတို့အတွက် လိုက်လံပို့ချနေခြင်း ဖြစ်သည်ဟုလည်း မြစ်ကြီးနားရုံးမန်နေဂျာ၊ အငြိမ်းစား ခရိုင်ဥပဒေအရာရှိ ဦးမောင်မောင်က ပြောသည်။
“ဥပဒေနဲ့ပတ်သက်ပြီး ၂၄ နာရီ Hot Line ဖုန်းနဲ့ အကြံပေးတယ်။ အမျိုးသမီး၊ ကလေးအခွင့်အရေးနဲ့ ပတ်သက်ရင် အခမဲ့ အမှုလိုက်ပေးတယ်။ ဆင်းရဲနစ်နာသူ မိသားစုတွေကို လူမှုရေး အထောက်အပံ့ပေးတယ်။ NGO နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ အကူအညီတွေပေးတယ်။ ဥပဒေအမြင်ဖွင့် သင်တန်းတွေ၊ ဥပဒေအထောက်အကူပြုသင်တန်းတွေပေးတယ်။ ဥပဒေကျောင်းသားတွေကို ဥပဒေနဲ့ ပတ်သက်ပြီး အသိပညာတွေပေးတယ်။ အလုပ်သင်ဆင်းချင်တဲ့
သူတွေကိုလည်း အခမဲ့သင်ပေးတယ်။ ကူညီပေးတယ်”ဟု ဦးမောင်မောင်က ပြောသည်။
Christian AIDအဖွဲ့၏ အကူအညီဖြင့် လိုက်လံပို့ချနေသည့် Legal Clinic ၏ သင်တန်းတွင် သင်တန်းသားအယောက် ၃၀ စီခန့် တက်ရောက်ခဲ့ကြသည်။
ရှေ့နေများဖြင့် ဖွဲ့စည်းထားသည့် Legal Clinic အဖွဲ့ကို ၂၀၁၁ က စတင်တည်ထောင်ခဲ့ရာ မြန်မာနိုင်ငံတွင်ရုံးခွဲစုစုပေါင်း ၇ ခုနှင့် ကချင်ပြည်နယ် စီမံကိန်းဧရိယာတွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းတို့ ပါဝင်သည်။
ထိုမြို့များတွင် တစ်နှစ်အတွင်း တစ်နေရာ လေးကြိမ်စီခန့် သင်တန်းပို့ချခဲ့ပြီး သင်တန်းအမျိုးအစား အားဖြင့်
အသိအမြင် ဖွင့်တစ်ရက်သင်တန်း၊ ဥပဒေအထောက် အကူပြု လေးရက်သင်တန်း၊ မွမ်းမံသင်တန်း နှစ်ရက်တို့ကိုလည်း
ဖွင့်လှစ်ကြောင်းသိရသည်။
Ann







