အလုပ်မရှိသေးသည့် စစ်ရှောင်များကိုအလုပ်အကိုင်ဖန်တီးပေးမည်ဟု ကဘူဒန်း စစ်ဘေးရှောင်များကို လူမှုရေးဝန်ကြီးပြော

1242
kabudam

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၃

ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်နှင့်အဖွဲ့က မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ ကဘူဒမ်းရွာ၊ နယ်မြေ(၇)ရှိ ခရစ်တော်၏အသင်းတော်ဘုရားကျောင်းတွင် နေထိုင်သော စစ်ရှောင်ပြည်သူများထံ နိုဝင်ဘာလ ၂၁ ရက်က ရောက်ရှိလာပြီး အလုပ်အကိုင်မရှိသူများကို သင့်လျော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ပြော ကြားသွားကြောင်း သိရသည်။

စက်ပြင်၊ အပ်ချုပ်၊ ယာဉ်မောင်း၊ မွေးမြူရေး စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နိုင်အောင် ဖန်တီးပေးမည်ဖြစ်သဖြင့်  စခန်းတာဝန်ရှိသူများအနေဖြင့် အမည်စာရင်းပြုစုကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ ပေးပို့ရန် ပြောကြားသွားကြောင်း စခန်းတာဝန်ခံဦးဆန်နိုင်ဖီက ပြောသည်။

“ဘယ်နေ့ဘယ်ရက်မှာ စပေးမယ်ဆိုတာတော့ မပြောသွားဘူး။ ဒီကနေတော့ နာမည်စာရင်းပြုစုပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို ပို့ပေးရမယ်လို့တော့ ပြောသွားတာပဲ။ သူတို့ပြောတဲ့အတိုင်း ဖြစ်လာရင်တော့ ကျွန်တော်လည်း ဝမ်းသာရမှာပေါ့။ အချိန်အတိအကျတော့ မပြောသွားဘူး။ စောနိုင်သလောက်စောအောင် စာရင်းလုပ်ပေးခဲ့လို့တော့ ပြောသွားတယ်။ ရက်သတ္တပတ်လောက်မှာ စာရင်းလုပ်ပေးဖို့ စီစဉ်သွားမှာပါ”ဟု ဦးဆန်နိုင်ဖီက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကဘူဒန်း စစ်ရှောင်စခန်းတွင် ကျား ၂၃ ဦး၊ မ ၁၆ ဦးစုစုပေါင်းလူဦးရေ ၃၉ ဦး နေထိုင်လျက်ရှိပြီး ယခင်က မိုးကာတဲတွင် တစ်နှစ်ကြာနေထိုင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်နေ့က ခရစ်တော်၏ အသင်းတော်ဘုရားကျောင်းအနီးရှိ စခန်းအသစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

ယင်း စစ်ရှောင်စခန်းသို့ ဒေါက်တာသင်းလွင် လာရောက်သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ဒေါက်တာသင်းလွင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here