ဖုန်ကန်ရာဇီသို့ တစ်ခေါက်

2360

ပူတာကိုဒေသမှာရှိတဲ့ တောင်တန်းအချို့ကတော့ ဒီလိုအေးမြတဲ့ဆောင်းရာသီမှာ ရေခဲတွေ ဖုံးလွမ်းနေပါပြီ။ ပူတာအိုဒေသမှာဆိုရင် အများဆုံးတက်ကြတဲ့ ရေခဲတောင် ၃ ခုရှိပါတယ်။  ဒါတွေကတော့ ဖုန်ကန်ရာဇီတောင်၊ ဖုန်ရင်ရာဇီနှင့် ဖုန်ခရမ်ရာဇီတို့ပဲ ဖြစ်ပါတယ်။

ဖန်ခရမ်ရာဇီက အမြင့်ပေ ၁၄၂၀၀၊ ဖုန်ရင်ရာဇီမှာ ၁၄၀၀၀ ပေ၊ ဖုန်ကန်ရာဇီမှာ ၁၁၉၂၀ ပေ ရှိပါတယ်။ ဒီရေခဲတောင် ၃ ခုကို ပူတာမြို့ကနေသွားမယ်ဆိုရင်  ဖုန်ခရမ်ရာဇီကို  ၁၄ရက်ခရီး သွားရပြီးဖုန်ရင်ရာဇီကို ၁၃ ရက်ညအိပ်၁၄ ရက် ခရီးသွားရပါတယ်။ ဖုန်ကန်ရာဇီကတော့ ၁၀ ရက် ခရီးစသဖြင့် သွားလာရပါတယ်။ ဒီ ရေခဲတောင်တွေထဲမှာ ဖုန်ရင်ရာဇီနဲ့ ဖန်ခရမ်ရာဇီတောင်တွေကတော့ ဖုန်ကန်ရာဇီထက် သွားလာရပိုခက်ခဲပြီး ရက်လည်းပိုကြာပါတယ်။ ဖုန်ကန်ကတော့ ရေခဲတောင်တက်ခရီး သွားလိုတဲ့ ခရီးပြည်သူလူထုအတွက် အသက်အန္တရာယ်မရှိဘဲ သွားလာရအဆင်အပြေဆုံး ရေခဲတောင်ပါ။  ဒီဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ်အကြောင်းကို မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်အနေနဲ့ စေလွှတ်ခဲ့လို့ ကျွန်တော် သွားရောက်ခဲ့တဲ့အကြောင်း စာဖတ်ပရိသတ်တွေအတွက် ပြန်ပြီး ဝေမျှပေးချင်ပါတယ်။

ဖုန်ကန်ရာဇီရေခဲတောင်ကို သွားမယ်ဆိုရင်တော့ ပူတာအိုမြို့ပေါ်ကနေ  ၁၀ ရက်ခရီးနဲ့ သွားရပါတယ်။ ဒီလမ်းခရီးမှာ လှပတဲ့ တောတောင်တွေ၊ မြစ်ချောင်းတွေနဲ့ အအေးပိုင်းမှာသာ ပေါက်ရောက်လေ့ရှိတဲ့ သစ်ပင်ပန်းပင်တွေမျိုးစုံကို တွေ့မြင်ရမှာပါ။

ပူတာအိုမြို့ကနေ ဆိုရင် အထက်ဆန်ဂေါင်ကျေးရွာအထိ ၁၀ မိုင်ကွာဝေးပြီး ယင်းကျေးရွာအထိကို  ကားနဲ့သွားနိုင်ပါတယ်။ အထက် ဆန်ဂေါင်ကနေဆိုရင်တော့ ခြေလျင်နဲ့ ခရီး စနှင်ရပါတော့တယ်။ အထက်ဆန်ဂေါင်ကနေ ဝန်ဆန်ဒမ်းကျေးရွာ၊ ဝါဆန်ဒမ်းကနေမှ ဇီးယာဒမ်းကျေးရွာ၊ ဇီယာဒမ်း ကျေးရွာကနေပြီးတော့ ချောင်းဆုံ၊ သစ်ပင်ကြီးစခန်း၊ ခန်းသောက်မြစ်၊ ရေခဲစပ် စတဲ့ တောစခန်းတွေမှာ အနားယူပြီး သွားလာရပါတယ်။ ပူတာအိုမြို့ပေါ်ကနေဆိုရင် ဖုန်ကန်ရာဇီဟာ ၅၃ မိုင်ခန့် ကွာဝေးပါတယ် ဖုန်ခရမ်၊ ဖုန်ရင်၊ ဖုန်ကန် စတဲ့ ရေခဲတောင်ကို သွားမယ်ဆိုရင်လည်း ဇီယာဒမ်းကျေးရွာအထိ တစ်လမ်းတည်းသွားရပြီး၊ ဇီယာဒမ်း ကျေးရွာကနေပဲ လမ်းကြောင်းတွေ ပြန်ခွဲသွားတာပါ။

ပူတာအိုကနေ အထက်ဆန်ဂေါင်အထိ ၁၀မိုင်၊ အထက်ဆန်ဂေါင်ကနေ ဝန်ဆန်ဒမ်းအထိက ၁၂ မိုင်၊ ဝန်ဆန်ဒမ်းကနေ ဇီယာဒမ်းကျေးရွာအထိ ၉ မိုင်ကွာဝေးပြီး ဇီယာဒမ်းကျေးရွာကနေ ဆိုရင်တော့ ဖုန်ကန်ရာဇီရေခဲတောင်ထိကို ကျေးရွာမရှိတော့ပဲ တောစခန်းတွေကို ဖြတ်ကျော်ရမှာဖြစ်ပြီး အဲဒီ ကျေးရွာကနေ ရေခဲတောင်အထိကို ၂၂ မိုင်လောက် ဝေးပါတယ်။

ဒီ ၅၃ မိုင်အကွာခရီးစဉ်ကနေ ဘယ်လိုခရီးဆက်ရမလဲဆိုရင် အထက်ဆန်ဂေါင်ကျေးရွာကနေ စထွက်တဲ့အချိန်မှာ ကျောက်စိမ်းတောင်လို့ခေါ်တဲ့တောင်ကို စပြီး ခြေလျင်သွားရတာပါ။

တောင်ပေါ်ကနေ ဆိုရင် နေသာတဲ့နေ့မျိုးမှာ ပူတာအိုမြို့ကို လှမ်းမြင်ရပြီး တောင်အောက်မှာ တိမ်တွေရှိနေတာကြောင့် အလွန်ကို လှပတဲ့ရှုခင်းကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ ကျောက်စိမ်းတောင်ကနေ မနက် ၉နာရီမှာစထွက်ခဲ့ကြပြီး တောင်အတက်အဆင်းလမ်းခရီးဖြစ်တာကြောင့်  ညနေ ၅ နာရီခွဲလောက်ပဲ ဝါဆန်ဒမ်းကျေးရွာကို ရောက်ပါတယ်။ အဲဒီရွာမှာ ညအိပ်ရမှာပြီး ဒုတိယရက်မှာတော့ ဇီယာဒမ်းကျေးရွာကို ၉ မိုင်လောက်ခရီး ဖြစ်ပါတယ်။ ဝါဆန်ဒမ်းကျေးရွာက မနက် ၉ နာရီ စထွက်ကြပြီး တောင်အတက်အဆင်း သိပ်မရှိဘူးလို့ ဆိုရမှာပါ။ မြေပြန့်လမ်းလျှောက်ရတာ ပိုများပါတယ်။ ဇီယာဒမ်းကျေးရွာကို ညနေ ၃ နာရီလောက်မှာ ရောက်ပါတယ်။ အဲဒီရွာမှာ တစ်ည ပြန်အိပ်ရမှာပါ။ ဇီယာဒမ်းရွာကနေဆိုရင် ရေခဲတောင်တွေကို ထင်ထင်ရှားရှား မြင်တွေ့ရပါပြီ။ ဇီယာဒမ်းကနေ  တောလမ်းတွေ စပြီးသွားရတာကြောင့် တောင်အတက်တွေ များပြားပေမယ့် အနားယူမယ့် တောစခန်းတွေ လမ်းတစ်လျှောက်မှာရှိတာကြောင့် ကျွန်တော်တို့ အဆင်ပြေတဲ့နေရာမှာ အနားယူ စခန်းချလို့ ရပါတယ်။ ချောင်းဆုံ၊ အထက်သစ်ပင်ကြီး စခန်း၊ အောက်သစ်ပင်ကြီး၊ ခမ်းတောက်မြစ်စခန်း၊ အထက် ရေခဲစပ်၊ အောက်ရေခဲစပ် စခန်း စသဖြင့်ရှိပါတယ်။ ကျွန်တော်တို့ကတော့ အောက်သစ်ပင်ကြီး စခန်းမှာ စခန်းချပြီး နောက်တစ်ရက်မှာ အထက်ရေခဲစပ်စခန်းအထိ ခရီးဆက်ခဲ့ကြပါတယ်။ မိုင် ၂၂ မိုင် ဝေးကွာတဲ့ ဒီတောလမ်းခရီးမှာတော့ သစ်ခွပန်းပင်များ၊ အနီ၊ အဝါ စသဖြင့် အရောင်စုံတဲံ  ရွက်လှပင်တွေ ၊ တောင်ဇလပ်ပင်တွေနဲ့ သစ်ပင်တွေမှာ  ရေညှိတွေ ကပ်နေတာတွေကို တွေ့ရပါတယ်။ ရေခဲစပ်စခန်းကနေ စပြီး ရေခဲတွေ စပြီး မြင်တွေ့ရပါတယ်။ အအေးဓာတ်ကလည်း တဖြည်းဖြည်း ပိုပြီးတိုးလာပါတယ်။ ရေခဲတွေ စတွေ့ရလိုက်တော့  လျှောက်လှမ်းလာခဲ့တဲ့ ပင်ပန်းမှုတွေ၊ အမောတွေ တစ်ဝက်ပြေစေပါပြီ။ ရေခဲစပ်စခန်းကနေ  သုံးနာရီလောက် ထပ်တက်ရင် ဖုန်ကန်ရာဇီ တောင်ထိပ်ကို ရောက်ပါတယ်။ လမ်း တစ်လျှောက် ရေခဲပေါ်မှာ လမ်းလျှောက်ရတယ်။ ဒုတိယအဆင့် တောင်ထိပ်ကို ရောက်ချိန်မှာတော့ အရှေ့မှာ ရေခဲတောင် ဖြူဖြူဖွေးဖွေးကြီးတွေကို ထင်ထင်ရှားရှား မြင်ရပါတယ်။ ဓာတ်ပုံတွေ ရိုက်ဖို့အတွက် အရမ်းလှတဲ့ နေရာတစ်ခုပါ။ မြင်တွေ့ရတဲ့ တောင်တွေကတော့ ဖုန်ရင်ရာဇီနဲ့ ဖန်ခရမ်ရာဇီ ရေခဲတောင်တွေပဲ ဖြစ်ပါတယ်။ ဒုတိယအထပ်ကနေ မိနစ်အနည်းငယ် ထပ်တက်မယ်ဆိုရင်တော့ ဖုန်ကန်ရာဇီတောင်ထိပ်ကို ရောက်ရှိပါတယ်။ ဘေးပတ်ပတ်လည်မှာ တောင်တန်းကြီးတွေကို လှလှပပ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖုန်ကန်ရာဇီကနေ အပြန်လမ်းမှာ ကုန်းဆင်းများတာကြောင့် အဆင်းလမ်းဟာ ပိုပြီး မြန်ဆန်ပါတယ်။ မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိသတ်တွေအနေနဲ့ ရေခဲတောင်ခရီးစဉ်ကို သွားမယ်ဆိုရင် တစ်လလောက်ကြိုတင်ပြီး  လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပါတယ်၊ ဒါမှသာ တောင်တက်မယ့်အချိန် အခက်အခဲတွေ နည်းပါးမှာဖြစ်ပါတယ်လို့ ဆန္ဒပြုရင်း ခရီးစဉ်ကို ဝေမျှလိုက်ရပါတယ်။

ဆလိုင်း

LEAVE A REPLY

Please enter your comment!
Please enter your name here