အသက် ငါးနှစ်တင်းတင်းပြည့်ပြီဖြစ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်

1164

 

၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နှစ်ကို “သစ်သားရတု”ဆိုပြီး သတ်မှတ်ကြပါတယ်။ ဒီ “သစ်သား”ဆိုတာ ရဖို့ သစ်ပင်ဆိုတာ အရင်စိုက်ရတာပါ။ အဲ့ဒီနောက် ရေလောင်းပေါင်းသင်ပေးရင်း မြေကြီးထဲ အမြစ်တွယ် အငြောင့်ပေါက်တာက အစပျိုးလို့ သစ်ပင်ကြီးအဖြစ် ကြီးထွားလာတာပါ။ “သစ်သား”ဆိုတာ အကြမ်းခံပြီး အသုံးဝင်လို့ သက်ရှိသတ္တဝါအပေါင်း နွေးထွေးလုံခြုံစွာ နေထိုင်လို့ရတဲ့ အိမ်နဲ့ အိမ်ထောင်ပရိဘောဂ စတဲ့ အသုံးအဆောင်တွေ ပြုလုပ်ရာမှာ အသုံးပြုနေကြတာပါ။

“သစ်သားရတု”ရဲ့ ရည်ညွှန်း အဓိပ္ပါယ် ဖွင့်ဆိုချက်အတိုင်း မြစ်ကြီးနားသတင်းဂျာနယ်သည်လည်း အများအကျိုး အတွက် ရပ်တည်လာခဲ့တာ ၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီး ရင်ဆိုင်ဖြတ်ကျော်လာခဲ့တဲ့ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေနဲ့ အတူ ပြည်သူတွေရဲ့ ဖေးမကူညီ၊ အကြံပေး၊ အားပေးခဲ့မှုတွေအပြင် သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေရဲ့ သင်ကြား ပြသမှုတွေကြောင့် ဒီနေ့ ၅ နှစ်ပြည့် အခန်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်တာ ဖြစ်ပါတယ်။
နောက်ပြီး ၅ နှစ်ပြည့် အခန်းအနားကို ကျင်းပရတဲ့ ရည်ရွယ်ချက် ငါးချက် ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ (၁)သမိုင်းမှတ်တိုင် စိုက်ထူဖို့၊ (၂) စာဖတ်ပရိသတ်နဲ့ ပြန်လည်ချိတ်ဆက်နိုင်တဲ့ အခွင့်ရရှိဖို့၊ (၃) ကုန်လွန်ခဲ့တဲ့ အချိန်နဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်နိုင်ဖို့၊ (၄)ရှေ့ အနာဂတ်အတွက် ပြင်ဆင်နိုင်ဖို့၊ (၅) ကူညီထောက်ပံ့ခဲ့ကြသူတွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင် ဂုဏ်ပြုဖို့ စတာတွေပဲ ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်း ဂျာနယ်ရဲ့ မျှော်မှန်းချက်က “လူ့အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်သော သတင်းအချက်အလက်များ ပေးနေပြီး ပြည်သူတစ်ရပ်လုံး ယုံကြည်ကိုးစားရသော ဘက်ပေါင်းစုံအောင်မြင်နေသည့် လွတ်လပ်သော သတင်းဂျာနယ် ဖြစ်သည်”ဆိုတာပါ။
ဒီ မျှော်မှန်းချက် အောင်မြင်ဖို့ ချမှတ်ထားတဲ့ ရပ်တည်ချက်ကတော့ “မြစ်ကြီးနားသတင်း ဂျာနယ်သည် ဘက်ပေါင်းစုံ အောင်မြင်တိုးတက်နေသည့် လွတ်လပ်သော သတင်းဂျာနယ် ဖြစ်သည်။ လူ့အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ တိကျမှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူတစ်ရပ်လုံးနှင့် အစိုးရထံ မာလ်တီမီဒီယာကို အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက် ရှိသည်” ဆိုတာပဲ ဖြစ်ပါတယ်။
ချမှတ်ထားတဲ့ မျှော်မှန်းချက်နဲ့ ရပ်တည်ချက်အတိုင်း ကျော်လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မြစ်ကြီးနားသတင်း ဂျာနယ်ကို မီဒီယာကျင့်ဝတ်တွေဖြစ်တဲ့ “ကျင့်ဝတ်ထိန်းရန် တာဝန်ရှိခြင်း၊ အမှန်အတိုင်း ပြောဆိုရေးသားခြင်း၊ အများအကျိုးဆောင်ခြင်း၊ ဘက်မလိုက်ပဲ မျှတစွာ ပြောဆိုရေးသားခြင်း၊ မိမိ၏ သတင်းရင်းမြစ်များကို လေးစားခြင်း” စတဲ့ အချက်တွေနဲ့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပြီး ရှေ့လျှောက်လည်း ကျင့်ဝတ်မပျက် ဆက်လက် ရေးသားတင်ပြသွားဦးမှာပါ။

နောက်ပြီး ကျော်လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း မြစ်ကြီးနားသတင်းဂျာနယ်ကို သတင်းပညာ၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှု ပညာ၊ နည်းပညာနဲ့ လိုအပ်တဲ့ငွေကြေး၊ အထောက်အပံံ့တွေကို ဝိုင်းဝန်းကူညီပံ့ပိုပေးခဲ့ကြတဲ့ နိုင်ငံတော်အစိုးရနဲ့အတူ၊ Norwegian Burma Committee ? FHI 360 ? National Endorsement for Democracy, Yangon Journalism School, Mandalay Journalism School, Internews, Media Development Investment Fund, WAN-IFRA, Open Society Myanmar, Sagawa, Deutsche Welle, Myanmar Press Council နဲ့ စာဖတ်ပရိသတ်များ၊ သတင်းရင်းမြစ်များ၊ ပြင်ပ စာရေးဆရာများ၊ ကဗျာနဲ့ ဆောင်းပါးရှင်များ၊ ကာတွန်းဆရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ဒေသခံအလှူရှင်များ အားလုံးကို မြစ်ကြီးနားသတင်းဂျာနယ် ဝိုင်းတော်သားတွေက ဂုဏ်ယူစွာဖြင့် လှိုက်လှိုက်လှဲလဲှ ကျေးဇူးတင်ရှိကြောင်းနဲ့ အများအကျိုးအတွက် ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်း မှတ်တမ်းတင် ရေးသားလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here