ပူတာအို၊ မေ ၄
ပူတာအိုခရိုင်တွင် မိုးဆက်တိုက် ရွာသွန်းခဲ့မှုကြောင့် နောင်မွန်-ခေါင်လန်ဖူးလမ်း၊ ဆန်းလွတ်ချက်တောင် ၆၄ မိုင်အလွန်တွင် မေလ ၂ ရက်နေ့ နေ့လည် ၁၁း၀၀ အချိန်က မြေပြိုမှုဖြစ်ပွားကာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြိုကျသည့်လမ်းမှာ ဆန်းလွတ်ချက်တောင်မှ အဆက်ဖောက်လုပ်နေသည့် နေရာတွင်ဖြစ်ပြီး မတ်စောက်သည့် တောင်စောင်း/ကျောက်တောင်နေရာတွင် တောင်ကြောကို ဖောက်ပြီး ပြုလုပ်နေသည့် နေရာလည်းဖြစ်သောကြောင့် မြေစာများသဖြင့် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သေဆုံးသူများမှာ ကိုခေါင်ဒီး (အသက်၂၈ နှစ်)နှင့်ကိုခေါင်ခင်(အသက် ၂၆နှစ်)တို့ဖြစ်ကြောင်း သိရပြီး ခေါင်လန်ဖူးပြန်သည့် ညီအစ်ကိုလေးယောက် အနက် နှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းတို့မှာ ထီဝမ်ကန်ကျေးရွာမှဖြစ်ပြီး တစ်ဦးမှာ အလောင်းပင် ရှာမတွေ့သေးဘဲ တစ်ဦး၏ အလောင်းကိုမူ ချောင်းထဲတွင် တွေ့ခဲ့ရကြောင်း၊ ကျန်နှစ်ဦးမှာလည်း တစ်ဦးနံရိုးကျိုးပြီး တစ်ဦး လက်ကောက်အဆစ် ကျိုးသွားခဲ့ကြောင်း၊ ပူတာအို ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ခွဲစိတ်ကုသရန် စက်ကိရိယာမစုံလင်သောကြောင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေရပြီး ဆေးဖိုးဝါးခကို လပြည့်ဝန်းဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းမှ ပံ့ပိုးနေကြောင်း သိရသည်။
“ကုမ္ပဏီလမ်း လုပ်နေစဉ် ခရီးသွားပြည်သူများ လုံခြုံမှုရှိအောင် လမ်းလွှဲကို တတ်နိုင်သလောက် စီစဉ်ပေးစေချင်တယ်။ လမ်းလွှဲကို ကောင်းကောင်းလုပ်ပေးခြင်း မရှိဘူး။ လမ်းလွှဲကို ဖြစ်သလို လုပ်ထားတဲ့ အခါကျတော့ ကိုယ်ခန္ဓာ အလွတ်တောင်မှ သွားဖို့မလွယ်ဘူး။ တော်တော် ခက်ခဲတယ်။ တောင်စောင်းမှာ နွယ်ကြိုးတွေကို တွယ်ကပ်ပြီး တက်ရတဲ့အခါကျတော့ အရမ်းစိုးရိမ်ရတယ်။ မြင်းတို့ လားတို့လည်း သွားလို့မရဘူး။ ကုမ္ပဏီကလည်း အဲဒီဘက်မှာ ခရီးသွားသူတွေကို အများကြီးတော့ ကူညီပေးပါတယ်”ဟု ဒေသခံ ဦးချန်းဂျော်ရမ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ခေါင်လန်ဖူးမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးဖြစ်သည့် နောင်မွန်မှ ခြေလျှင်ခရီးဖြင့် တစ်ပတ် ဆယ်ရက်ခန့် လမ်းလျှောက်ရသည့်မြို့ဖြစ်ပြီး ယခုအခါ ထိုမြို့သို့ ကားလမ်းဖောက်လုပ်နေခြင်း ဖြစ်သည်။
အောင်ခမ်း (ပူတာအို)







