အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်သည့် ဘာသာပေါင်းစုံဆွေးနွေးပွဲ

1011

မြစ်ကြီးနား၊ မေ ၉
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် မေလ ၇ ရက်က ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်း ခေါင်းစဉ်ဖြင့် မေလ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေပွဲတွင် ရခိုင်အရေး၊ ပညာရေး၊ တိုင်းရင်းသားလူနည်းစု အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးစသည့် ကဏ္ဍ ၅ ခုကို ကဏ္ဍခွဲကာ ဆွေးနွေးခဲ့ကြသည်ဟုလည်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ဆွေးနွေး ဖြစ်ခဲ့တာကတော့ ခုနကပြောတဲ့ ကဏ္ဍ ၅ ခုကို အုပ်စုခွဲပြီးမှ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်ဆိုတော့ အဖွင့်နေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံက မိန့်ခွန်း လာပြောတယ်”ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အဓိကဆွေးနွေးခဲ့ကြပြီး အဖွင့်ပွဲနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လူမျိုးပေါင်းစုံတို့၏ မတူကွဲပြားသည့် ဘာသာအချင်းချင်း အပြန်အလှန်နားလည် ယုံကြည်ထားမှုများ ထားရှိပြီး တည်ငြိမ်အေးချမ်းသော လူနေမှုဘဝကို မြှင့်တင်ရန်၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားစေရေး ကာကွယ်တားဆီးရန်၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကို အပြည့်အ၀ ကူညီစောင့်ရှောက်ပြီး ပြန်လည်ထူထောင်ပေးနိုင်ရန်၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ဆုံးမချက်များနှင့်အညီ အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ထို့အပြင် ယခုကဲ့သို့ ဆွေးနွေးပွဲများ အမြဲမပြတ်လုပ်ဆောင်ခြင်းအားဖြင့် ကိုးကွယ်ရာ ဘာသာတူသူများအချင်းချင်း၊ ကိုးကွယ်ရာ ဘာသာမတူညီသော ဘာသာဝင်များအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်နိုင်ကြစေရန်နှင့် ငြိမ်းချမ်းရေး စိတ်ထားများ ပျံ့နှံကိန်းအောင်းလာစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းရန်နှင့် မိမိတို့၏ နိုင်ငံတော်ကြီးလည်း အေးချမ်းသာယာပြီး အမြန်ဆုံး ခေတ်မီဖွံ့ဖြိုး တိုးတက်စေကြောင်း ဆုတောင်းစကား ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲ၌ ပညာရေးကဏ္ဍတွင် အကြံပြုချက် ၅ ချက်၊ လူမျိုးစုများနှင့် လူနည်းစုများအတွက် ညီမျှသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ကဏ္ဍ အကြံပြုချက် ၅ ချက်၊ အမျိုးသမီးများအရေးအတွက် အကြံပြုချက် ၁၁ ချက်၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးကဏ္ဍ အကြံပြုချက် ၇ချက်၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ မတူကွဲပြားမှုနှင့် ဘုံစိန်ခေါ်မှုကဏ္ဍ အကြံပြုချက် ၇ ချက် ရရှိခဲ့ပြီး ယင်းအကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲသည် ဒုတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက နေပြည်တော်၌ပင် ကျင်းပခဲ့သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here