မြစ်ကြီးနားထောင် ဆူပူမှုသည် ထောင်တွင်းစီမံအုပ်ချုပ်မှု အားနည်းခြင်းကြောင့်ဟု လူမှုရေးဝန်ကြီးသုံးသပ်

1146

မေ ၁၀

မြစ်ကြီးနား အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခဲ့ခြင်းသည် ထောင်တွင်းအုပ်ချုပ်ရေးနှင့် စီမံကွပ်ကဲမှု အားနည်းခြင်းကြောင့်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောသည်။
မေလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ညပိုင်းအထိ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသားများ ဆူပူမှု ဖြစ်ပွားခဲ့ခြင်းအပေါ် လူမှုရေးဝန်ကြီး ဦးနေဝင်းက မေလ ၁၀ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အကျဉ်းသား တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ထောင်ထဲမှာ ဆူပူမှုဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပဲ။ ဖြစ်တယ်ဆိုတာက အုပ်ချုပ်ရေးဘက်က စီမံကွပ်ကဲရေးဘက်က လိုအပ်တယ်လေ။ သူတို့ ခံစားချက်တွေက ကျွန်တော်တို့ ဘာမှမပြောလိုဘူး။ တကယ်ဆိုထောင်ထဲမှာ အကျဉ်းသားတွေရပိုင်ခွင့် မရရင်က သူတို့က ပြောမှာပဲလေ။ ဥပမာတစ်ပတ်တစ်ခါ အသားကျွေးတယ်။ အသားကအရိုးတွေချည်းပဲ လား။ အဆီတွေပဲလား။ သူ့အချိန်နဲ့သူပေါ့။ ရေ ကောင်းကောင်းမွန်မွန် ချိုး ရရဲ့လား။ ဒီ အခွင့်အရေးတွေ မရလို့ရှိရင် တစ်မျိုးပေါ့”ဟု ဦးနေဝင်းက ပြောသည်။

မြစ်ကြီးနားထောင် အတွင်းသို့ ၁၈ နှစ်ကြာ ဝင်ထွက်သွားလာကာ သာသနာပြုလုပ်နေသူ ဆရာအင်ဒိန်အဂျာက ထောင်ဆူရခြင်းအကြောင်းမှာ လွတ်ငြိမ်း သက်သာခွင့်ပေးသည့်သမ္မတ၏ အမိန့်သည် ဖြောင့်တန်းသော်လည်း အကျဉ်းသားများကို လွှတ်ပေးရာ၌ စိစစ်မှုပိုင်းဆိုင်ရာတွင် အားနည်းသည့် ကဏ္ဍကြောင့် ယခုကဲ့သို့ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ပြောသည်။

“စိစစ်မှုပိုင်း ဆိုင်ရာမှာ အားနည်းတဲ့ကဏ္ဍ အပိုင်းတွေကြောင့်ပဲ ဒီလိုကျန်ရှိသွားတဲ့သူတွေ အကျဉ်းထောင်အသီးသီးမှာ များတဲ့အချိန်ကျတော့၊ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး ခံစားချက်အပေါ်မှာ အခြေပြုပြီးမှ အကျဉ်းထောင်တွေ အသီးသီး လိုက်စားပြီး ဒါဖြစ်လာတာပါ။ အဖြေက အဲ့ဒါပါပဲ”ဟု ဆရာအင်ဒိန်အဂျာက ပြောသည်။
မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသားများက တန်းတူညီမျှ လွတ်ငြိမ်းသက်သာခွင့်ပေးရေး အပါအဝင် အချက် ၄ ချက်ကို ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းလည်း ဖြစ်သည်။

တောင်းဆိုသည့်အချက် ၄ ချက်မှာ တန်းတူအခွင့်အရေးရရှိရေး၊ ဝန်ကြီးချုပ်နှင့်တွေ့ခွင့်ပေးရေး၊ မီဒီယာများနှင့် တွေ့ခွင့်ပေးရေး၊ လူ့အခွင့်အရေးကောင်စီနှင့် တွေ့ခွင့်ပေးရေး စသည့် အချက်များကို ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းမှ ပြောသည်။
“လွတ်ငြိမ်းချမ်းသာခွင့် မှာ တချို့က ပါတယ်။ တချို့ကမပါဘူး။ ဘာကြောင့် မရတာလဲပေါ့။ ဆိုတာကို မီဒီယာတွေကတစ်ဆင့် ပြောချင်တာ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
အကျဉ်းသူ/သားများ တောင်းဆိုသည့် အချက် ၄ ချက်အပေါ် ဆရာအင်ဒိန်အဂျာက ယခုကဲ့သို့ မြစ်ကြီးနား သတင်းဂျာနယ်သို့ ရှင်းပြပြောဆိုသည်။

“သူတို့ တောင်းဆိုတဲ့ ၄ ချက်မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းသက်သာခွင့် မျှမျှတတဖြစ်ဖို့ ဆိုတဲ့ တောင်းဆိုချက်က အဓိက ဖြစ်ပါလိမ့်မယ်။ မီဒီယာနဲ့ တွေ့ချင်တယ်ဆိုတဲ့ဟာလည်း သူတို့အတွက်ျလေန တစ်ခုယူတာရယ်၊ သူတို့ ပြောချင်တဲ့ဟာတွေကို လူထုကို သိစေချင်တယ်။ အားလုံးကို ပွင့်လင်း မြင်သာရှိစေချင်တဲ့ ကဏ္ဍအပိုင်းဖြစ်ပါလိမ့်မယ်။ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ချင်တယ်ဆိုတဲ့ဟာက ထောင်ထဲမှာက ဥပဒေတွေက မမျှမတနဲ့ တရားရုံးတော်ကလုပ်ထားတဲ့ တရားရေးမဏ္ဍိုင် ယိမ်းယိုင်မှု ပိုင်းကနေ စီရင်ချက်ချထားတဲ့အပိုင်းတွေကလည်း အများကြီးရှိနေတာကိုး”ဟု ဆရာအင်ဒိန်အဂျာက ပြောသည်။

ဆူပူမှု ဖြစ်ပွားသည့်နေ့က ရဲတပ်ဖွဲ့ဝင်များက လုံခြုံအရ လာရောက်တာဝန်ယူမှုမျိုးရှိခဲ့ပြီး အကြမ်းဖက်ခြင်း မရှိခဲ့ကြောင်း တောင်းဆိုသည့်အချက်များ ရရှိရန်သာ ဆန္ဒပြခဲ့ကြကြောင်းနှင့် တောင်းဆိုချက်တွင် ပါဝင်သည့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံလိုသည့် အချက်ကို ဆရာအင်ဒိန်အဂျာက ထပ်မံရှင်းပြပြောဆိုသည်။

“ဝန်ကြီးချုပ်နဲ့ တွေ့ချင်တယ်ဆိုတာက ဝန်ကြီးချုပ်က သူတို့ဆန္ဒ တောင်းဆိုမှုတွေကို ဆင့်ကဲ ဆင့်ကဲ တင်ပြပြီးမှ ဆောင်ရွက်ပေးစေချင်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့ တာဝန်ခံပေးနိုင်တဲ့သူနဲ့ တွေ့ဖို့က လိုအပ်တယ်။ ဒီသဘောပါပဲ။ ဒီနေ့မှာကို ဝန်ကြီးချုပ်က သွားရောက်ပြီးမှ တာဝန်ယူပြီး စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါ့မယ် ဆိုပြီးမှပြောရင် ပြီးပါတယ်။ ကျွန်တော်တို့က ထောင်သာသနာ လုပ်နေတာလည်း ၁၈ နှစ်ရှိပြီ။ ထောင်ဝင်ထွက်နေတာ ကျွန်တော်တို့လည်းလိုက်သွားပြီး ဘာသာရေး ရှုထောင့်အပြောဆိုရင် အများကြီး ငြိမ်သက်သွားနိုင်ပါတယ်။ သူတို့အနေနဲ့လည်း ဘာမှ မပြောလာတော့ ကျွန်တော်တို့လည်း ဝင်လုပ်လို့ မရဘူးလေ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။
အကျဉ်းထောင်များ ဆူပူမှုနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက မေလ ၉ ရက်နေ့တွင် ပြန်တမ်းထုတ်ပြန်ခဲ့ပြီး အကျဉ်းထောင်များဆူပူမှုသည် ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများရှိနေသည်ဟု သုံးသပ်ကာ အရင်းအမြစ်ကို စုံစမ်းဖော်ထုတ်ရန် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးကထုတ်ပြန်ချက်၌ အကျဉ်းထောင် ဆူပူမှုများတွင် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများ၏ တောင်းဆိုချက်များမှာ တစ်သဘောထားသည် ဖြစ်နေပြီး အချို့မှာ ထပ်တူတပ်မျှဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ အချို့အကျဉ်းထောင် ဆူပူမှုတွင် အကျဉ်းသားအချို့က လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်ပေါ်တွင် Live လွှင့်တင်မှုများကို စိစစ်တွေ့ရှိရသဖြင့် ယခုကဲ့သို့ ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုရှိနေသည်ဟု သုံးသပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။
ထိုဆူပူမှုနှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဆန္ဒပြ တောင်းဆိုသည့် အကျဉ်းသူ/သားများကို ရိုက်နှက် ဖြိုခွင်းမည်ကိုလည်း အကျဉ်းသူ/ သားများ၏ မိသားစုဝင်များက စိုးရိမ်လျက်ရှိနေကြပြီး ထိုသို့ မပြုလုပ်ရန် ထောင်အပြင်မှ အော်ဟစ် တောင်းဆိုမှုများလည်း မြစ်ကြီးနား အကျဉ်းထောင်တွင် ဖြစ်ပွားခဲ့သည်။

အကျဉ်းထောင် ဆူပူမှုမှာ မြစ်ကြီးနားအကျဉ်းထောင်အပါ ရွှေဘို၊ ကလေး ၊ ဘားအံ၊ ထားဝယ်၊ သာယာဝတီ၊ ပုသိမ် စသည့်အကျဉ်းထောင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၈ ရက်နေ့တွင် ကလေးအကျဉ်းထောင်နှင့် ဘားအံအကျဉ်းထောင်များတွင် လည်းကောင်း၊ မေလ ၉ ရက်နေ့တွင်မူ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနှင့် ပုသိမ် အကျဉ်းထောင်တို့တွင်လည်းကောင်း ဆူပူမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို ဖြိုခွင်းမှုကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Salai/Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here