ပြည်နယ်ထွက် သယံဇာတများ တရားမဝင် ကုန်သွယ်မှုလျှော့ချနိုင်ရေးအတွက် ခေတ်မီစက်များဖြင့် စောင့်ကြည့်စစ်ဆေးရန် အစီအစဉ်ရှိမရှိ

1050

 

ဇွန် ၄

ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသော ကျောက်မျက် ရတနာများ၊ ဓာတ်သတ္တုပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ တရားမဝင် သယ်ဆောင်မှုကြောင့် အခွန်ဆုံးရှုံးနစ်နာမှုများ မရှိစေရန် စစ်ဆေးရေးဂိတ်များတွင် CCTV နှင့် Xray ရောင်ခြည်သုံး ရှာဖွေရေး စက် ကိရိယာများ တပ်ဆင်မည့် အစီအစဉ် ရှိမရှိနှင့်စပ်လျဉ်း၍ ဖားကန့်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးံလအောင်က ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။

ကချင်ပြည်နယ်သည် သဘာ၀ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝပြီး သဘာဝဇီ၀ မျိုးကွဲမျိုးစိတ်များ ပေါကြွယ်ဝသောကြောင့် နိုင်ငံတော်နှင့် ပြည်နယ်အခွန်ဘဏ္ဍာငွေရရှိရေးနှင့် ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် စစ်ဆေးရေးဂိတ်များတွင် ဌာနပေါင်းစုံမှ ဝန်ထမ်းလူပုဂ္ဂိုလ်များကို တာဝန်ပေးမှုလျော့ချ၍ ခေတ်မီစက်ကိရိယာများ အစားထိုးတပ်ဆင်စစ်ဆေးရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

၎င်း ခေတ်မီစက်ကိရိယာ ပစ္စည်းများ၏ ကာလတန်ဖိုးမှာ မြန်မာငွေကျပ်သိန်းပေါင်း ၁၅၀၀ မှ ၄၀၀၀ အကြားရှိ၍ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ဝယ်ယူ သုံးစွဲနိုင်သောကြောင့် လျှင်မြန်ကောင်းမွန်စွာ စစ်ဆေးဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဦးHလအောင်က တင်ပြခဲ့သည်။

“တရားမဝင် သယ်ဆောင်တဲ့ သစ်တောထွက်ပစ္စည်းများနှင့် ကျောက်မျက်ရတနာများ နေ့စဉ်နှင့်အမျှ ကုန်တင်ကား၏ အပေါ်ဖုံးကုန်စည်များ၏ အောက်တွင် ကွယ်ဝှက်သယ်ဆောင်ကာ အနည်းနဲ့အများ တရားမဝင်  တွေ့ရှိနေသေးကြောင်း သတင်းမီဒီယာများနှင့် ပြည်သူများ၏ တိုင်ကြားစာများအရ သိရပါတယ်။ သို့ပါ၍ ဌာနဆိုင်ရာ လူပုဂ္ဂိုလ်များ၏ စစ်ဆေးမှုထက် ပိုမိုထိရောက်သည့် စက်ကိရိယာများ အစားထိုးသုံးစွဲ၍ တရားမဝင်သယ်ဆောင်မှုကို တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကုန်ပစ္စည်းများ တရားမဝင် သယ်ဆောင်မှုကို စစ်ဆေးရာတွင် ခေတ်နှင့်လျော်ညီသော ပစ္စည်းကိရိယာများကို အသုံးပြုပါက ပိုမိုကောင်းမွန်မည်ဖြစ်သော်လည်း တပ်ဆင်ရန် ကုန်ကျစရိတ် မြင့်မားသည့်အတွက် အသုံးပြုရန် အစီအစဉ် မရှိသေး ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

“တပ်ဆင် အသုံးပြုမယ့် ခေတ်မီ အထောက်အကူ ပစ္စည်းများ တပ်ဆင်ရာမှာ  ကုန်ကျစရိတ် ကြီးမြင့်နေပြီးတော့မှ လက်ရှိ အဆင့်မြင့်တပ်ဆင်မှုအတွက် နိုင်ငံတော်သည် ကုန်ကျမှု ကြီးမြင့်နေမှာ ဖြစ်တဲ့အတွက် ကုန်စည်စိစစ်မှု အခြေအနေနဲ့ နှိုင်းယှဉ်တွက်ဆသုံးသပ်ပြီးတော့မှ  ညှိှနှိုင်းပေါင်းစပ်ပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ မေးခွန်းကို ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်  ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အစီအစဉ်တွင် တင်ပြဆွေးနွေးခဲ့သည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here