ဇွန် ၁၄
ဖားကန့်ဒေသတွင် တရားမဝင် ကျောက်စိမ်းတူးဖော်နေမှုများကို ဝင်ရောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့အထိ သုံးလကြာရပ်နားမည့် ကျောက်မျက်ရတနာ လုပ်ကွက်များတွင် ခိုးတူးမှု မရှိစေရန်နှင့် အန္တရာယ်ရှိ လုပ်ကွက်များကို စစ်ဆေးနိုင်ရန်အတွက် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ပြောသည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ဒေသအာဏာပိုင်များ ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးသွားမည် ဖြစ်သည်။
“အခုလည်း တစ်ပတ်တစ်ခါ လုံးခင်းကျောက်စိမ်းရုံးက တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အန္တရာယ်ရှိ လုပ်ကွက်တွေကို စစ်ဆေးတာနဲ့ ခိုးတူးတာတွေ မရှိအောင်လို့ စစ်ဆေးပါတယ်။ အခုရပ်နားထားဖို့ ကြေညာတဲ့ အချိန်မှာလည်း လုပ်ကွက်စစ်ဖို့ ကြီးကြပ်သူတွေ ရှိပါတယ်။ အဖွဲ့တွေနဲ့ စစ်ဆေးပြီး ကျူးလွန်တာတွေ့ရင်တော့ အရေးယူတာတွေ လုပ်မှာပါ”ဟု ဦးသန်းဇော်ဦးမှ ရှင်းပြသည်။
ဖားကန့်မြို့နယ်၊ ကျောက်စိမ်း လုပ်ကွက်များသည် ၂၀၁၀ ခုနှစ် နောက်ပိုင်း ယာဉ်ယန္တရား ကြီးများဖြင့် တူးဖော်နေကြခြင်းကြောင့် မကြာခဏ နွံကန်ကျိုးပေါက်ခြင်း၊ လုပ်ကွက်ပြိုကျခြင်း၊ မြေစာပုံ ပြိုကျခြင်းများကြောင့် နှစ်စဉ်လူဦးရေ ရာနှင့်ချီ သေဆုံးနေရသဖြင့် ကျောက်စိမ်းတူးဖော်ခြင်းကို ရပ်နားထားရန် အမျိုးသားလွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီက အကြုံပြုခဲ့ခြင်း ဖြစ်သည်။
ကျောက်စိမ်းတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်ရှိ နွံကန်များ ၁၀ ကန်ထက်မနည်း ရှိနေသည်ဟု သိရပြီး ယင်းကန်များ ထပ်မံမပေါက်ကျရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမည် ဟုလည်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းမှ ကတိပြုပြောကြားထားသည်။
လက်ရှိအချိန်တွင် သက်တမ်းကုန်လုပ်ကွက်များတွင် တရားမဝင် ဝင်ရောက်တူးဖော်နေသည်မှာ ဘာသာရေး ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အချို့သော ရိုးရာယဉ်ကျေးမှု အမည်ခံများနှင့် ငွေရေးကြေးရေး ပြည့်စုံသူများက လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဝန်ကြီးဦးဒါရှီလဆိုင်းမှ မီဒီယာများထံ ပြောကြားထားသည်။
ဖားကန့် ကျောက်စိမ်းတွင်း ဒေသအတွင်း အစိုးရသစ်တက်လာသည့် နောက်ပိုင်း လုပ်ကွက်သက်တမ်းတိုးခြင်းများကို ရပ်နားစေခဲ့ပြီး ယခုနှစ် မေလအထိ နိုင်ငံတော်နှင့် အကျိုးတူ ၁၃၅ ကွက်၊ ဧကပေါင်း ၄၃၆၄ ဒဿမ ၆၄ ဧက နှင့် ပုဂ္ဂလိက ၁၀၀၉ ကွက်၊ ဧကပေါင်း ၁၀၀၉ ဧက ရှိကြောင်းလည်း သိရသည်။
စည်သူ(မြစ်ကြီးနား)၊အောင်ပြည့်စုံ







