သြဂုတ် ၉
ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများက နေရပ်ပြန်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဆိုင်ရာ တွေ့ဆုံပွဲတွင် အစိုးရထံလိုအပ်ချက်များ တောင်းဆိုခဲ့ကြသည်။
ယင်း တောင်းဆိုချက်တွင် တပ်မတော်နှင့် ကေအိုင်အိုကြား အတိုင်းအတာတစ်ခု သဘောတူပြီး ငြိမ်းချမ်းရေးကို ချပြနိုင်မှသာမိမိနေရပ်သို့ပြန်ရန် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် RC စစ်ရှောင်စခန်းက တောင်းဆိုခဲ့သည်။”အခုတောင်းဆိုတဲ့ အချက်တွေမရရင် ကျွန်တော်တို့ စစ်ရှောင်တွေ မိမိနေရပ်ကို ပြန်နိုင်ဖို့က အဆင်ပြေမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
မိမိနေရပ် ကျေးရွာသို့ ပြန်ချင်သော်လည်း ရွာအတွင်း တပ်စွဲထားမှုများ ရှိသဖြင့် နေရပ်ပြန်ရန် အဆင်မပြေခြင်းကြောင့် မိမိဒေသတွင် မည်သည့်တပ်မျှ မလိုလားကြောင်း၊ နယ်မြေကန့်သတ်မှုမရှိဘဲ လွတ်လပ်စွာရှာဖွေစားသောက်သွားလာလုပ်ကိုင်ခွင့် ရရှိခြင်းနှင့် စစ်ရှောင်များ မူလနေရပ်ပြန်ချိန် အိုးအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ပေးခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရန် ဆောင်ရွက်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း၊ စသည့်အချက်များ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဝိုင်းမော်မြို့နယ် လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းမှ ဦးယော်လန်းက ပြောသည်။
“ကျွန်တော်တို့က စစ်တပ်ကိုမုန်းတာ မဟုတ်ဘူး။ရွာမှာ စစ်တပ်တွေရှိရင် သွားလာရတာ မလွတ်လပ်ဘူး။ ည ၉ နာရီ မကျော်ရတို့၊ ဘာတို့ရှိတယ်။ ဒါမျိုးဆိုရင် အဆင်မပြေဘူး စစ်တပ်ဆိုတာ ဘယ်တပ်ဖြစ်ဖြစ် စည်းကမ်းနဲ့ပဲ နေရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ နေရပ်မှာ စစ်တပ်တွေ ရှိနေသေးတယ်ဆိုရင် ဘယ်လိုမှပြန်ဖို့ အဆင်မပြေနိုင်ဘူး”ဟု ဦးယော်လန်းက ပြောသည်။
စစ်ရှောင်များ မူလဒေသတွင် ဓါးမဦးချ လုပ်ကိုင် စားသောက်ခဲ့သော ဥယျာဉ်ခြံမြေ၊ လယ်ယာမြေများကို မြေယာဥပဒေနှင့်အညီ အလျင်အမြန်ဆောင်ရွက်ပေးခြင်းနှင့် ယခင်ပြေစာ ထွက်ရှိပြီးသော ဥယျာဉ်ခြံ၊ လယ်ယာမြေများ တရားဝင် ပြန်လည်ထုတ်ပေးမည်ကို မျှော်လင့်ကြောင်း ဦးယော်လန်းက ဆက်လက်ပြောသည်။
“ခုဆို တချို့အိမ်ခြံတွေမှာက ကုမ္ပဏီတွေဝင်နေပြီဆိုတော့ ကျွန်တော်တို့ဘက်လည်း ဘာ အထောက်ထားမှမရှိဘူး။ ဘိုးဘွားပိုင်ဆိုင်ခဲ့တာပဲလေ၊ ဒါကြောင့် ဒီမြေတွေကို ပိုင်ဆိုင်တဲ့သူအဖြစ် ဥပဒေအရ ဖြစ်စေချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။စစ်ရှောင်များ နေရပ်သို့ပြန်ချိန် ပျက်စီးဆုံးရှုံးမှုများကို ရာခိုင်နှုန်းသတ်မှတ်ခြင်းမရှိ တစ်ပြေးညီ သတ်မှတ်ကာ ထောက်ပံ့ပေးရန် မိုင်းနား ကက်သလစ်စစ်ရှောင်စခန်းမှ တောင်းဆိုထားသည်။
“နန်ဆန်ယန်မှာရော ပျက်စီးသွားတဲ့ အိမ်တွေကို ထောက်ပံ့ကြေး ပေးတာနဲ့ သိပ်မပျက်စီးတဲ့ အိမ်တွေကိုတော့ သူတို့လောက်မပေးဘူး။ အဲ့လိုမဖြစ်စေချင်ဘူး။အားလုံးက အတူတူပဲပေးရမှာ ဟုတ်တယ်လေ”ဟု ၎င်းတို့က ပြောသည်။
အဆိုပါ အချက်များကို သြဂုတ်လ ၇ရက် နေ့ကဝိုင်းမော်မြို့ လော်ဝေါ်ရိုးရာခန်းမတွင် ပြုလုပ်သည့်ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် စစ်ရှောင်စခန်းများက တင်ပြတောင်းဆိုခဲ့ကြသည်။
ယခုလက်ရှိ အခြေအနေတွင် မိမိနေရပ်သို့သွားသောစစ်ရှောင်ပြည်သူများ ရှိသော်လည်း အချို့သော စစ်ရှောင်များမှာ အထက်ပါအချက်များကြောင့် မိမိနေရပ်သို့ ပြန်နိုင်ရန်အတွက် တောင်းဆိုနေခြင်းဖြစ်သည်။
ယခု လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO တို့ကြား စစ်ဖြစ်ရာမှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ရှောင်များသည် ၈နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
Ah Je







