ဇန်နဝါရီ ၁၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)အဖွဲ့တို့သည် ဇန်နဝါရီလ ၉ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြပြီး ကေဘီစီမှ စစ်ရှောင်များနေရပ်ပြန်နိုင်ရေး အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကေဘီစီအနေဖြင့် စစ်ရှောင်များ မိမိနေရပ်သို့ ပြန်နိုင်ရေး၊ တိုင်းရင်းသားအရေး၊ ညီလာခံစာချုပ်ကို ပြန်လည် အာရုံစိုက်ပေးရေး၊ ခရစ်ယာန်သာသနာအဖွဲ့အစည်းများ၏ မြေနှင့် အဆောက်အဦးများ ပြန်လည်ရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစသည့် အချက် ၄ ချက်တို့ကို တင်ပြဆွေးနွေးခဲ့ကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
“တပ်မတော်နှင့် ကေအိုင်အေရဲ့ အပစ်ရပ်စာချုပ်က အဓိကဖြစ်တယ်။ ဒါဖြစ်ဖို့ကလည်း မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ပြိုင်တည်း ပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့ နေရာမှာ တပ်မတော်ဘက်က လက်ခံဖို့ လိုတဲ့အကြောင်း ပြီးမှနောက်တစ်ဆင့်ကို သွားတဲ့အခါမှာ ကိုယ့်ရဲ့ပေါ်လစီနဲ့ကိုယ် သွားဖို့ ဆိုတဲ့ကြောင်း ဒါမှလည်း စစ်ရှောင်တွေ လုံခြုံစွာပြန်လို့ရမယ် ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်”ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ငြိမ်းချမ်းရေးတွင် အားလုံးအတူတကွ ပူပေါင်းပါဝင်ကြရန် အထူးသဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ကေဘီစီဖက်မှ ဇန်နဝါရီ ၉ ရက်နေ့ကလည်း သတင်း ထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ တင်ပြသည့်အချက်များလည်း ပါဝင်သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အဓိကပြဿနာသည် တိုင်းရင်းသားအရေးဖြစ်သောကြောင့် ယခင်ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သော ပင်လုံစာချုပ် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ နှစ်ကြာရှည် မျှော်လင့်နေသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် အဓိက ဖြစ်သောကြောင့် NLD အစိုးရအနေဖြင့် လူထု နှင့် လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တို့ကို ထည့်သွင်းရေးသားထားသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ဇန်နဝါရီ ၉ ရက်နေ့ကရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်များ၊ လူမျိုးစု အကြီးအကဲများ၊ လူထုများနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
Salai







